Border News Agency
နေပြည်တော်၊ အောက်တိုဘာ ၄။
အာဏာသိမ်းစစ်ခေါင်းဆောင်မင်းအောင်လှိုင်နဲ့ တွေ့ဆုံမေးမြန်းမှုပြုလုပ်ခဲ့တဲ့ ကမ္ဘာကျော် Time မဂ္ဂဇင်းရဲ့ သတင်းထောက်တဦးနဲ့ ဓာတ်ပုံဆရာကို အမည်ပျက်စာရင်းသွင်းလိုက်တယ်လို့ စင်ကာပူနိုင်ငံရှိမြန်မာသံရုံးက အောက်တိုဘာလ ၃ ရက်၊မနေ့က ထုတ်ပြန်ထားပါတယ်။
အမည်ပျက်စာရင်းသွင်းခံရသူတွေကတော့ Time မဂ္ဂဇင်းရဲ့ သတင်းထောက် Charles Thomas Campbell နဲ့ ဓာတ်ပုံဆရာ Jesus Manalo II Aznar တို့ ဖြစ်ကြပါတယ်။
သူတို့ကို မီဒီယာကျင့်ဝတ်ဖောက်ဖျက်တယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ စက်တင်ဘာလ ၂၅ ရက်စွဲဖြင့် အမည်ပျက်စာရင်းထည့်သွင်းခဲ့တာဖြစ်ပါတယ်။
Time မဂ္ဂဇင်းဟာ စစ်ခေါင်းဆောင်မင်းအောင်လှိုင်နဲ့ အင်တာဗျူးပြုလုပ်ခဲ့ပြီးနောက် စက်တင်ဘာလ ၂၃ ရက်နေ့မှာ “Myanmar’s Dictator Wants to Rebuild Ties With the West” ခိုဝ်တဲ့ ခေါင်းစဉ်နဲ့ ဆောင်းပါး ရေးသားဖော်ပြခဲ့တာဖြစ်ပါတယ်။
အဲဒီဆောင်းပါးထဲမှာ အာဏာသိမ်းစစ်တပ်ရဲ့ မြန်မာပြည်သူတွေအပေါ် စစ်ရာဇဝတ်မှုကျူးလွန်နေတဲ့ အခြေအနေတွေ၊ စီးပွားရေးစီမံခန့်ခွဲမှုအလွဲတွေကြောင့် ပြည်သူတွေဆင်းရဲဒုက္ခရောက်နေရတာတွေကို သုံးသပ်ဖော်ပြထားတဲ့အပြင် ရှောင်တာနဲလ်အပါအဝင် အခြားနိုင်ငံရေးဆိုင်ရာပုဂ္ဂိုလ်တွေရဲ့ အမြင်တွေကိုပါ ထည့်သွင်းရေးသားခဲ့တာဖြစ်ပါတယ်။
ဒါကို အာဏာသိမ်းစစ်တပ်က မီဒီယာကျင့်ဝတ်နဲ့မညီဘဲ သဘောတူညီချက်မှာမပါတဲ့ အကြောင်းအရာတွေ ထည့်သွင်းရေးသားထားတယ်ဆိုပြီးစက်တင်ဘာလ ၂၃ ရက် ညပိုင်းမှာ အပြင်းအထန်ကန့်ကွက်ရှုတ်ချခဲ့ကြသလို စစ်တပ်မီဒီယာတွေကနေ အင်တာဗျူးမူရင်းအပြည့်အစုံကိုလည်း ထုတ်လွှင့်ခဲ့ကြပါတယ်။







