Border News Agency
မလေးရှား၊ အောက်တိုဘာ ၅။
အာဏာသိမ်းစစ်ခေါင်းဆောင် မင်းအောင်လှိုင်ဟာ အောက်တိုဘာ ၆ ရက်နေ့ကနေ အောက်တိုဘာ ၈ ရက်နေ့အထိ မလေးရှားနိုင်ငံကိုသွားရောက်မှာဖြစ်ပြီး နှစ်နိုင်ငံလုံခြုံရေးအတွက် အထူးတင်းကျပ် ပူးပေါင်းဆောင်ရွက်မှုတွေရှိနေပါတယ်။
မလေးရှား ဝန်ကြီးချုပ် အန်ဝါ အီဘရာဟင်က နှစ်နိုင်ငံဆက်ဆံရေးနဲ့ ကုန်သွယ်မှုတွေအပြင်မလေးရှားနိုင်ငံသို့ ရောက်ရှိနေတဲ့ ရိုဟင်ဂျာဒုက္ခသည်တွေအပါအဝင် မြန်မာဒုက္ခသည်နှစ်သိန်းကျော်ရဲ့အရေးကို ဖြေရှင်းဖို့အတွက် အခုလိုတရားဝင်ခရီးစဉ်အဖြစ် ဖိတ်ခေါ်ခဲ့တာဖြစ်ပါတယ်။
မလေးရှားရောက် မြန်မာနိုင်ငံသားတွေက စစ်ခေါင်းဆောင်ရဲ့ ခရီးစဉ်ကို ဆန္ဒပြမယ်ဆိုတဲ့ သတင်းတွေကြောင့် နှစ်နိုင်ငံလုံခြုံရေးအဖွဲ့တွေကလုံခြုံရေး တိုးမြှင့်ဆောင်ရွက်နေပါတယ်။
အဲဒီခရီးစဉ်အတွင်းမလေးရှားမှာရှိတဲ့ စီးပွားရေးလုပ်ငန်းရှင်တွေနဲ့ တွေ့ဆုံတာ၊ စက်ရုံအလုပ်ရုံတွေကို သွားရောက်လေ့လာတာတွေ ပြုလုပ်သွားဖို့ရှိနေပါတယ်။
မလေးရှားထိန်းသိမ်းရေးစခန်းတွေကနေ ပြစ်ဒဏ်ကျခံပြီးတဲ့ မြန်မာနိုင်ငံသား တထောင်လေးရာကျော်ကို အာဏာသိမ်းစစ်တပ်ရဲ့ စစ်သင်္ဘောသုံးစီးနဲ့ အောက်တိုဘာလ ၄ ရက်နေ့က ရန်ကုန်ကို ပြန်လည်ခေါ်ဆောင်လာခဲ့ပြီး သက်ဆိုင်ရာနေရပ်အသီးသီးကို ပြန်လည်ပို့ဆောင်မယ်လို့ ဆိုထားပါတယ်။
ဒီလိုအာဏာသိမ်းစစ်တပ်ဆီ ပြန်လည်လွှဲပြောင်းခံရတဲ့ ပြည်တော်ပြန်လူငယ်တွေဟာ ပြည်တွင်းမှာ စစ်မှုထမ်းဥပဒေ အတင်းအဓမ္မကျင့်သုံးခံရမယ့် ဘေးအန္တရာယ်နဲ့ရင်ဆိုင်နေကြရပါတယ်။
အခုလိုပြန်လည်လွှဲပြောင်းတဲ့ အစီအစဉ်အပေါ် ကုလသမဂ္ဂနဲ့ နိုင်ငံတကာ လူ့အခွင့်အရေးအဖွဲ့အစည်းတွေကလည်း အပြင်းအထန် ကန့်ကွက်ဝေဖန်နေကြပါတယ်။






