Border News Agency
ပုဏ္ဏားကျွန်း၊ အောက်တိုဘာ ၅။
အာရက္ခတပ်တော်(AA)ထိန်းချုပ်ထားတဲ့ ပုဏ္ဏားကျွန်းမြို့နယ်ရှိ ပန်းနီလာစစ်ဘေးရှောင်စခန်းကို အောက်တိုဘာလ ၅ ရက်၊ ဒီနေ့ မနက် ၉ နာရီကျော်အချိန်မှာ အာဏာသိမ်းစစ်တပ်လေကြောင်းတိုက်ခိုက်ခဲ့တာကြောင့် ပရဟိတဆေးခန်းမှစေတနာ့ဝန်ထမ်းကျန်းမာရေးလုပ်သားအမျိုးသမီးသေဆုံးသွားပါတယ်။
အာဏာသိမ်းစစ်တပ်ဟာ တိုက်လေယာဥ်သုံးစီးနဲ့ လေကြောင်းကနေဗုံးခြောက်လုံးနဲ့တိုက်ခိုက်ခဲ့တာကြောင့် အာရက္ခဆေးခန်းပေါ်သို့ တိုက်ရိုက်တလုံးကျရောက်ပေါက်ကွဲခဲ့တာဖြစ်ပါတယ်။
“စစ်တပ်ကတိုက်လေယာဥ်သုံးစီးနဲ့ ဗုံးခြောက်လုံးလာကြဲတာ။အာရက္ခဆေးခန်းပေါ် တိုက်ရိုက်တလုံးကျပြီး ပရဟိတလုပ်နေတဲ့ ဆေးဆရာမလေးတဦး သေဆုံးခဲ့ပါတယ်။ လေယာဉ်တွေဝဲနေတုန်းဆိုတော့ စစ်ရှောင်တွေလည်းလန့်ပြီး ထွက်ပြေးနေကြရပါတယ်။”လို့ ပုဏ္ဏားကျွန်းဒေသခံတဦးက Border News Agency သို့ ပြောပါတယ်။
အဲဒီနေရာတွေမှာ Y-12 ကင်းထောက်လေယာဉ်တွေထပ်ဝဲပျံနေတာကြောင့် စစ်ဘေးရှောင်တွေဘေးလွတ်ရာသို့ အရေးပေါ် ထွက်ပြေးတိမ်းရှောင်နေကြရပါတယ်။
အဲဒီပုဏ္ဏားကျွန်းမြို့နယ်ရှိ ယိုးငူ (ဗျာလ) စစ်ဘေးရှောင်စခန်းကို အောက်တိုဘာ ၄ ရက်နေ့က အာဏာသိမ်းစစ်တပ်ကတိုက်လေယာဉ်နှစ်စီးနဲ့ လေကြောင်းတိုက်ခိုက်ခဲ့တာကြောင့် စစ်ဘေးရှောင်ခြောက်ဦးသေဆုံးပြီး အများအပြားဒဏ်ရာရရှိခဲ့ပါတယ်။
အဲဒီစစ်ဘေးရှောင်စခန်းတိုက်ခိုက်ခံရမှုအတွင်း သေဆုံးသွားရသူတွေရဲ့ အသုဘအခမ်းအနားတွေမပြီးသေးမီ အာဏာသိမ်းစစ်တပ်က ပန်းနီလာစစ်ဘေးရှောင်စခန်းကို ဆက်လက်ပစ်မှတ်ထားတိုက်ခိုက်ခဲ့တာဖြစ်ပါတယ်။








