Border News Agency
ထားဝယ်၊နိုဝင်ဘာ ၁။
အာဏာသိမ်းစစ်တပ်ရဲ့လျှပ်စစ်နဲ့ စွမ်းအင်ဝန်ကြီးဦးကိုကိုလွင်ဟာ ထိုင်းနိုင်ငံမှာကျင်းပတဲ့ စွမ်းအင်ဆိုင်ရာ အစည်းအဝေးတွေကို တက်ရောက်စဉ် ထိုင်းနဲ့ရုရှားနိုင်ငံတို့က ဝန်ကြီးတွေနဲ့သီးခြားစီတွေ့ဆုံပါတယ်။
အဲဒီလိုတွေ့ဆုံရာ ထားဝယ်ဒေသမှာ LNG Terminal တည်ဆောက်ရေးနဲ့ စွမ်းအင်ပူးပေါင်းဆောင်ရွက်ရေး ကိစ္စတွေကို ဆွေးနွေးခဲ့ကြပါတယ်။
အောက်တိုဘာလ ၃၁ ရက်နေ့က ထိုင်းနိုင်ငံစွမ်းအင်ဝန်ကြီး H.E. Mr. Akanat Promphan၊ ရုရှားနိုင်ငံစီးပွားရေးဖွံ့ဖြိုးတိုးတက်ရေးဝန်ကြီး H.E. Mr. Maxim Reshetnikov တို့နဲ့ ဆွေးနွေးခဲ့ကြတာဖြစ်ပြီး ရုရှားကအရည်ပျော်သဘာဝဓာတ်ငွေ့ (LNG) တွေကို မြန်
မာနိုင်ငံဆီသယ်ဆောင်ကာ ထိုင်းနိုင်ငံနဲ့ပါ မျှဝေသုံးစွဲမယ့် အစီအစဉ်တွေကိုထည့်သွင်းဆွေးနွေးခဲ့တာပါ။
ဒီစီမံကိန်းမှာ ထားဝယ်ရေနက်ဆိပ်ကမ်း အခြေခံအဆောက်အအုံတွေကို အသုံးပြုပြီး LNG Terminal တည်ဆောက်ဖို့၊ ရုရှားဆီကလောင်စာဆီနဲ့ LNG တွေတင်သွင်းဖို့နဲ့ ရှိပြီးသားပိုက်လိုင်းတွေကတစ်ဆင့် မြန်မာနဲ့ထိုင်းနိုင်ငံအတွင်းကိုဖြန့်ဖြူးဖို့ အာဏာသိမ်းစစ်တပ်စီစဉ်နေတာဖြစ်ပါတယ်။
အာဏာသိမ်းစစ်တပ်ဟာ ရုရှားနိုင်ငံနဲ့ LNG အပါအဝင် လောင်စာဆီ တင်ပို့ရေး နားလည်မှုစာချွန်လွှာ (MOU) လက်မှတ်ရေးထိုးထားပြီးဖြစ်သလို ထိုင်းနိုင်ငံနဲ့လည်း လျှပ်စစ်နဲ့စွမ်းအင်ကဏ္ဍ ပူးပေါင်းဆောင်ရွက်ရေး MOU ရေးထိုးဖို့ ပြင်ဆင်နေပါတယ်။
တိုင်ပြည်အတွင်း စွမ်းအင်နဲ့လျှပ်စစ်ဓာတ်အား အကျပ်အတည်းတွေ ရင်ဆိုင်နေရချိန်မှာ အာဏာသိမ်းစစ်တပ်ဟာ နိုင်ငံတကာရဲ့ ပိတ်ဆို့အရေးယူမှုတွေကြားက ဒေသတွင်းနိုင်ငံတွေနဲ့ ပူးပေါင်းပြီး ထားဝယ်ဒေသမှာ ရင်းနှီးမြှုပ်နှံမှုတွေရရှိရေးနဲ့ သံတမန်ရေးအရ ထွက်ပေါက်ရှာနိုင်ဖို့ကြိုးပမ်းနေတာလို့ လေ့လာသူတွေကသုံးသပ်ကြပါတယ်။












