Border News Agency
မြေပုံ၊ နိုဝင်ဘာ ၁။
အာရက္ခပြည်သူ့တော်လှန်ရေးအစိုးရက ပဉ္စမအကြိမ်မြောက်အာရက္ခလောင်ပေါ် ထီဖွင့်ပွဲမှာ အမြင့်ဆုံးဆုဖြစ်တဲ့ ကျပ်သိန်းတထောင်ကို မြေပုံမြို့နယ်၊ပဲကောက်ကျေးရွာမှခြောက်တန်းကျောင်းသူလေး မဂျူလိုင်မိုး ကံထူးသွားခဲ့ပါတယ်။
အဲဒီ သိန်းတစ်ထောင်ဆု ပေါက်မဲနံပါတ် ၀၀၆၂၃၆ကို ကံထူးသွားသူ မဂျူလိုင်မိုးဟာ မိခင်ကွယ်လွန်သွားခဲ့ပြီး သုံးဘီးမောင်းနှင်တဲ့ ဖခင်ဖြစ်သူရဲ့ ရုန်းကန်ကျွေးမွေးမှုနဲ့ ပညာသင်ယူနေရတဲ့ ကျောင်းသူလေးတဦး ဖြစ်ပါတယ်။
မိသားစု ကျပ်တည်းမှုတွေကြားမှ ကြိုးစားနေရတဲ့ ကျောင်းသူလေးတဦး အခုလို အမြင့်ဆုံးဆုကြီး ဆွတ်ခူးနိုင်ခဲ့တာဖြစ်ပါတယ်။
အဲဒီအာရက္ခလောင်ပေါ်ကို အာရက္ခပြည်သူ့တော်လှန်ရေးအစိုးရ အကောက်အခွန်နဲ့အခွန်ဌာနက ဦးဆောင်ရောင်းချနေတာဖြစ်ပြီး တရားမဝင်လောင်းကစားတွေကို လျော့နည်းပပျောက်စေဖို့နဲ့ ဒေသဖွံ့ဖြိုးရေး ရန်ပုံငွေရှာဖွေနိုင်ဖို့ ရည်ရွယ်ကျင်းပတာဖြစ်ပါတယ်။








