Border News Agency
စစ်ကိုင်း၊နိုဝင်ဘာ ၁၄။
စစ်ကိုင်းတိုင်းဒေသကြီး၊ဘုတလင်မြို့မှာ ပြည်သူပိုင်လျှပ်စစ်မီးကြိုးတွေကို ဖြတ်တောက်ခိုးယူနေတဲ့ အာဏာသိမ်းစစ်တပ်လက်အောက်ခံရဲတပ်သားနှစ်ဦးကို ပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့တွေကဝင်ရောက်ဖမ်းဆီးစဉ် ရဲတပ်သားတဦးကိုအရှင်ဖမ်းဆီးရမိခဲ့တယ်လို့ Budalin Mobile Team (BMT) က နိုဝင်ဘာလ ၁၃ ရက်နေ့ကထုတ်ပြန်ပါတယ်။
အဲဒီဘုတလင်မြို့နယ်၊ကျေးရွာတွေကို နိုဝင်ဘာလ ၆ ရက်နေ့က လျှပ်စစ်ဓာတ်အား ဖြန့်ဖြူးပေးနေတဲ့ ကေဘယ်လ်ကြိုးတွေကို ဖြတ်တောက်ခိုးယူရောင်းစားနေတဲ့ ရဲတပ်ဖွဲ့ဝင်နှစ်ဦးကို တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့တွေက အရပ်သားအသွင်ယူပြီး ဗန္ဓုလတိုးချဲ့ကွက်သစ်အထိ ဝင်ရောက်ဖမ်းဆီးခဲ့တာဖြစ်ပါတယ်။
အဲဒီလိုဝင်ရောက်ဖမ်းဆီးစဉ် ဘုတလင်မြို့ရှိ စစ်တပ်စခန်းမှ နှစ်ပွင့်ဗိုလ် ဗိုလ်စောဆိုသူရဲ့တပည့်တွေဖြစ်တဲ့ ရဲတပ်သားဖြိုးမင်းဇော်ကိုအရှင်ဖမ်းဆီးနိုင်ခဲ့ပြီး ရဲတပ်သားသီဟဆိုသူမှာ ပြည်သူတဦးရဲ့ ဆိုင်ကယ်ကိုချောဆွဲထွက်ပြေးသွားရာ ပြည်သူမထိခိုက်စေရေး ပစ်ခတ်ဖမ်းဆီးတာမပြုခဲ့တာကြောင့် လွတ်မြောက်သွားခဲ့ပါတယ်။
အဲဒီဖမ်းဆီးမှုကို Budalin Mobile Team (BMT)၊ ကျောင်းသားလက်ရုံးတပ်တော် (SAF)၊ ရွာဇော်ကြီးတော်လှန်အသံ၊ PDRF၊ ဘုတလင်မြို့နယ် တိုက်နယ် (၂) ပကဖနဲ့ ရွှေတြိဂံမဟာမိတ်တပ်ရင်းတို့က ပူးပေါင်းဆောင်ရွက်ခဲ့တာ ဖြစ်ပါတယ်။
အဲဒီအရှင်ဖမ်းဆီးရမိထားတဲ့ ရဲတပ်သားဖြိုးမင်းဇော်ကို စစ်သုံ့ပန်းဥပဒေနဲ့အညီ ကောင်းမွန်စွာထိန်းသိမ်းထားတယ်လို့ဆိုပါတယ်။







