Border News Agency
ရန်ကုန်၊ ဖေဖော်ဝါရီ ၁။
နယ်သာလန်နိုင်ငံ၊ သည်ဟိတ်ဂ်မြို့ရှိ အပြည်ပြည်ဆိုင်ရာတရားရုံး (ICJ) မှာ ဂမ်ဘီယာနိုင်ငံနဲ့ ရင်ဆိုင်နေရတဲ့အမှုအတွက် သွားရောက်လျှောက်လဲခဲ့တဲ့ စစ်ကော်မရှင်ကိုယ်စားလှယ်အဖွဲ့ဟာ ဖေဖော်ဝါရီ ၁ ရက်၊ မနက်ပိုင်းက ရန်ကုန်ကိုပြန်လည်ရောက်ရှိလာပါတယ်။
အဲဒီအဖွဲ့ကို စစ်ကော်မရှင်ရဲ့ နိုင်ငံတော်သမ္မတရုံး ဝန်ကြီး ဦးကိုကိုလှိုင်နဲ့ ရှေ့နေချုပ်ဒေါက်တာသီတာဦးတို့က ခေါင်းဆောင်ခဲ့တာဖြစ်ပြီး ဇန်နဝါရီလအတွင်းကျင်းပခဲ့တဲ့ တရားရုံးကြားနာပွဲတွေမှာ သွားရောက်ခုခံချေပခဲ့တာပါ။
ICJ တရားရုံးမှာ ပြီးခဲ့တဲ့ ဇန်နဝါရီလ ၁၂ ရက်ကနေ ၂၉ ရက်အထိ ကြားနာပွဲတွေပြုလုပ်ခဲ့တာဖြစ်ပြီး မြန်မာနိုင်ငံဘက်က ဇန်နဝါရီလ ၁၆ ရက်ကနေ ၂၀ ရက်အထိတကြိမ်၊ ဇန်နဝါရီလ၂၈ ရက်ကနေ ၂၉ ရက်အထိတကြိမ် နှစ်ခါခွဲပြီးလျှောက်လဲခဲ့တာပါ။
လေဆိပ်မှာတော့ ရန်ကုန်တိုင်းဝန်ကြီးချုပ် ဦးစိုးသိန်းနဲ့ ဌာနဆိုင်ရာတာဝန်ရှိသူတချို့က လာရောက်ကြိုဆိုခဲ့ကြပါတယ်။
ရိုဟင်ဂျာမျိုးတုံးသတ်ဖြတ်မှုစွပ်စွဲချက်နဲ့ ဂမ်ဘီယာနိုင်ငံကတရားစွဲဆိုထားတဲ့ ဒီအမှုဟာ အခုဆိုရင်နိုင်ငံတကာတရားရုံးမှာ နှစ်ရှည်ကြာမြင့်နေပြီး နှစ်ဖက်လျှောက်လဲချက်တွေကို တရားရုံးကဆက်လက်စစ်ဆေးသွားမှာဖြစ်ပါတယ်။















