Border News Agency
နေပြည်တော်၊ မေ ၁၆။
အာဏာသိမ်းစစ်တပ်ရဲ့ လေကြောင်းတိုက်ခိုက်မှုတွေမှာ အသုံးပြုတဲ့ လေယာဉ်အပိုပစ္စည်းတွေကို တင်သွင်းပေးနေတဲ့ Sky Aviator လက်နက်ပွဲစားကွန်ရက်ဟာ ထိုင်းစတော့ဈေးကွက်အတွင်း ငွေကြေးခဝါချဖို့ ကြိုးစားနေတယ်လို့ Justice For Myanmar (JFM) က သတိပေးလိုက်ပါတယ်။
အဲဒီကွန်ရက်ဟာ ထိုင်းစတော့အိတ်ချိန်း (SET) စာရင်းဝင် ACC ကုမ္ပဏီရဲ့ ရှယ်ယာ ၂၃ ရာခိုင်နှုန်းကျော်ကို ဘတ်သန်း ၃၀၀ ခန့်နဲ့ ဝယ်ယူပြီးသူတို့ရဲ့ သွေးစွန်းငွေတွေကို ခဝါချဖို့ စီစဉ်နေတာ ဖြစ်ပါတယ်။
အဲဒီလက်နက်ပွဲစားတွေဟာ အမည်ခံပုဂ္ဂိုလ်တွေကိုသုံးပြီး ဒေါ်လာ ၂ သန်းကျော်တန်ဖိုးရှိ လေယာဉ်အင်ဂျင်တွေကို အာဏာသိမ်းစစ်တပ်ဆီ ပို့ဆောင်ပေးခဲ့ကာ ပဇီကြီးရွာ တိုက်ခိုက်မှုလိုမျိုးအရပ်သားသေဆုံးမှုများပြားတဲ့ ဖြစ်စဉ်တွေမှာ ပါဝင်ပတ်သက်နေတာပါ။
ထိုင်းအာဏာပိုင်တွေအနေနဲ့ ဒီငွေကြေးခဝါချမှု အစီအစဉ်ကို အမြန်ဆုံး တားဆီးပေးဖို့နဲ့ ထိုင်းနိုင်ငံရဲ့ ဘဏ္ဍာရေးစနစ်ဟာ မြန်မာပြည်သူတွေကို သတ်ဖြတ်နေတဲ့ စစ်ယန္တရားအတွက် အားကိုးရာ မဖြစ်စေဖို့ JFM က တိုက်တွန်းထားပါတယ်။
ထိုင်းနိုင်ငံရဲ့ ငွေချေးသက်သေခံလက်မှတ်နဲ့ လဲလှယ်ရေးကော်မရှင် (SEC) က စိစစ်မှုတွေ ရှိနေပေမဲ့ ACC ကုမ္ပဏီဘက်ကတော့ ဒီရင်းနှီးမြှုပ်နှံမှုကို လက်ခံဖို့ ဇွတ်လုပ်နေတယ်လို့လည်း သိရပါတယ်။






