Border News Agency
ဂျပန်၊ မေ ၂၆။
ဂျပန်နိုင်ငံ၊ တိုကျိုမြို့လယ်ခေါင်က ဈေးဝယ်စင်တာတခုရဲ့ မြေညီထပ် ATM စက်အနီးမှာ မေလ ၂၅ ရက်နေ့က အမျိုးသားတဦးက အမည်မသိအရည်တွေနဲ့ ဖြန်းပက်ခဲ့တာကြောင့် လူပေါင်း ၂၀ နီးပါး ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ ရဲတပ်ဖွဲ့နဲ့ မီးသတ်ဌာနတာဝန်ရှိသူတွေက ပြောပါတယ်။
အဲဒီနေရာမှာ ထူးဆန်းတဲ့အနံ့အသက်တခုထွက်ပေါ်လာပြီးနောက်ပိုင်း ဈေးဝယ်သူတွေဟာ အသက်ရှူလမ်းကြောင်းဆိုင်ရာဝေဒနာတွေ ခံစားခဲ့ရတာ ဖြစ်ပါတယ်။
အဲဒီဖြစ်စဉ်ကြောင့် ကမ္ဘာလှည့်ခရီးသွားတွေအလာများတဲ့ ဂင်ဇာလူကုံထံရပ်ကွက်ထဲက ဈေးဝယ်စင်တာရှေ့လမ်းမကြီးကို ပိတ်ဆို့လိုက်ရပြီး ဓာတုကာကွယ်ရေးဝတ်စုံဝတ်ဆင်ထားတဲ့ အရေးပေါ်ကယ်ဆယ်ရေးအဖွဲ့တွေက ထိခိုက်မိသူတွေကို ကယ်ဆယ်စစ်ဆေးမှုတွေ လုပ်ဆောင်ခဲ့ရပါတယ်။
ဂျပန်နိုင်ငံပိုင်သတင်းဌာန NHK ရဲ့ ဖော်ပြချက်အရ ထိခိုက်ဒဏ်ရာရရှိသူတွေဟာ ဒဏ်ရာအနည်းငယ်သာရရှိခဲ့ကြတာဖြစ်ပြီး အခြေအနေဟာ စိုးရိမ်စရာမရှိဘူးလို့ သိရပါတယ်။
အဲဒီရဲတပ်ဖွဲ့က ဒီဖြစ်စဉ်ကိုအသေးစိတ် စုံစမ်းစစ်ဆေးနေပြီး ကမ္ဘာပေါ်မှာလူသတ်မှုနှုန်းအနည်းဆုံးနဲ့ သေနတ်ကိုင်ဆောင်ခွင့် ဥပဒေအတင်းကြပ်ဆုံးဖြစ်တဲ့ ဂျပန်နိုင်ငံမှာ အခုလိုမျိုးဖြစ်ရပ်ဟာ ဖြစ်ခဲလှတဲ့ဖြစ်စဉ်တခု ဖြစ်ပါတယ်။









