Border News Agency
လောက်ကိုင်၊ ဇွန် ၁၄။
ကိုးကန့်ဒေသ၊ လောက်ကိုင်မြို့မှာ ဇွန်လ ၁၃ ရက်နေ့က လူထုရှေ့မှောက် တရားစီရင်ရေးအခမ်းအနားတခုကိုပြုလုပ်ခဲ့ပြီး လူသတ်မှုနဲ့ တမင်တကာနာကျင်စေမှု ကျူးလွန်သူ ၇ ဦးကို အပြစ်ပေးအရေးယူခဲ့တယ်လို့ ကိုးကန့်တပ်ကထုတ်ပြန်ထားပါတယ်။
အဲဒီအထဲက သေဒဏ်ချမှတ်ခံရသူ ၄ ဦးကို အခမ်းအနားအပြီးမှာသေနတ်နဲ့ ပစ်ခတ်ကွပ်မျက်ခဲ့ပြီး ကျန်တဲ့သူတွေကိုတော့ ထောင်ဒဏ်တွေချမှတ်ခဲ့ပါတယ်။
အဲဒီသေဒဏ်ကျခံရသူတွေထဲမှာ ဖခင်နဲ့မိခင်ကို သတ်တဲ့သူတွေ၊ ကြွေးမြီကိစ္စနဲ့လူနှစ်ဦးကို သေနတ်နဲ့ပစ်သတ်ခဲ့သူတွေအပြင် မူးယစ်ဆေးသုံးပြီး သမီးအရင်းကို သတ်ဖြတ်ခဲ့တဲ့သူတွေအထိ ပါဝင်ပါတယ်။
အခုလိုလုပ်တာဟာ ဒေသတွင်းမှာ ဥပဒေမဲ့လုပ်ရပ်တွေကို ပြတ်ပြတ်သားသားနှိမ်နင်းပြီး ငြိမ်းချမ်းရေးကို တည်ဆောက်ဖို့ရည်ရွယ်တာလို့ အထူးဒေသ၁ အုပ်ချုပ်ရေးအဖွဲ့က ဆိုပါတယ်။
ဥပဒေကို ချိုးဖောက်သူဘယ်သူမဆို ပြင်းပြင်းထန်ထန် အရေးယူခံရမယ်လို့လည်းသတိပေးထားပါတယ်။




























