Border News Agency
မကွေး၊ဇူလိုင် ၁။
မကွေးတိုင်း၊ပခုက္ကူမြို့အခြေစိုက် တပ်မ ၁၀၁ မှ ထွက်လာတဲ့ အာဏာသိမ်းစစ်တပ်ဟာ အင်အား ၅၀၀ နီးပါးနဲ့မြိုင်မြို့နယ်၊ ပခုက္ကူမြို့နယ်အတွင်းရှိ ပျူစောထီးကျေးရွာတွေကို ဖြတ်သန်းကာ ဇွန်လ ၃၀ ရက်နေ့မှာပေါက်မြို့နယ်အတွင်းသို့ စစ်ကြောင်းထိုးဝင်ရောက်လာနေတယ်လို့ဒေသတွင်းသတင်းရင်းမြစ်တွေဆီကသိရပါတယ်။
အဲဒီ အာဏာသိမ်းစစ်တပ်ရဲ့ စစ်ကြောင်းထိုးဝင်ရောက်မှုကြောင့် ပေါက်မြို့နယ်အတွင်းရှိ ကျေးရွာပေါင်း ၁၀ ရွာက အိမ်ထောင်စု ၄၅၀၊ စုစုပေါင်း ဒေသခံပြည်သူ လူဦးရေ ၂,၀၀၀ နီးပါးဟာ ဘေးလွတ်ရာ နီးစပ်ရာကျေးရွာတွေနဲ့ တောတောင်တွေထဲကို အရေးပေါ် ယာယီစစ်ဘေးရှောင်နေကြရတယ်လို့ဆိုပါတယ်။
အာဏာသိမ်းစစ်တပ်ဟာ စစ်ကြောင်းထိုးရာ လမ်းကြောင်းတလျှောက် အရပ်သားပြည်သူတွေကိုဖမ်းဆီးတာ၊လူနေအိမ်တွေကို မီးရှို့ဖျက်ဆီးတာတွေ လုပ်ဆောင်လေ့ရှိတာကြောင့် ဒေသခံတွေဟာ အဝတ်တထည်ကိုယ်ခုနဲ့ထွက်ပြေးတိမ်းရှောင်နေကြရပြီး အရေးပေါ် စားနပ်ရိက္ခာနဲ့ဆေးဝါးအကူအညီတွေ လိုအပ်နေတယ်လို့ ဒေသခံ သတင်းရင်းမြစ်တွေက ဆိုကြပါတယ်။
အခုစစ်ဘေးရှောင်ပြည်သူတွေကို ကူညီပေးနိုင်ဖို့အတွက် အမျိုးသားညီညွတ်ရေးအစိုးရ (NUG)၊ လူမှုရေးရာ၊အလုပ်သမားနဲ့လူသားချင်းစာနာထောက်ထားရေးဝန်ကြီးဌာနရဲ့ လမ်းညွှန်မှုနဲ့အတူ ပေါက်မြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ (ပအဖ)ရဲ့ လူသားစာနာဌာနက မြေပြင်ကူညီကယ်ဆယ်ရေးလုပ်ငန်းတွေကို ချိတ်ဆက်ဆောင်ရွက်ပေးနေတယ်လို့ သိရပါတယ်။
အာဏာသိမ်းစစ်တပ်ဟာ နိုင်ငံတဝှမ်း စစ်ရေးအရ အဘက်ဘက်ကအရေးနိမ့်နေမှုကို တုံ့ပြန်ဖို့အတွက် အပြစ်မဲ့ အရပ်သားပြည်သူတွေကို ပစ်မှတ်ထားပြီး စစ်ကြောင်းထိုး စစ်ရေးလှုပ်ရှားမှုတွေကို တိုးမြှင့်လုပ်ဆောင်လာနေတာ ဖြစ်ပါတယ်။













