Border News Agency
ထိုင်း၊ဇူလိုင် ၂၂။
ထိုင်းနိုင်ငံ၊အယုဒ္ဓယခရိုင်နဲ့ကန်ချနဘူရီခရိုင်မှာ ဇူလိုင်လ ၂၁ ရက်နေ့ကတရားမဝင် ခိုးဝင်လာတဲ့မြန်မာနိုင်ငံသား သုံးဆယ့်တဦးနဲ့ မြန်မာယာဉ်မောင်း တဦးကို ထိုင်းအာဏာပိုင်တွေကဖမ်းဆီးလိုက်ပါတယ်။
အယုဒ္ဓယခရိုင်၊ ရိုဂျနာလမ်းမကြီးပေါ် မောင်းနှင်လာတဲ့မသင်္ကာဖွယ် ကားတစီးကို ဇူလိုင် ၂၁ ရက်နေ့မှာစစ်ဆေးရာအထောက်အထားမဲ့ မြန်မာတဆယ့်နှစ်ဦးနဲ့ အသက်သုံးဆယ့်လေးနှစ်အရွယ် မြန်မာယာဉ်မောင်း တဦးကို ဖမ်းဆီးရမိခဲ့တာပါ။
မြန်မာယာဉ်မောင်းဟာ ချင်းမိုင်ခရိုင်ကနေ ဘန်ကောက်ကို ပို့ဆောင်ပေးဖို့ တဦးကို ဘတ် သုံးထောင်နဲ့ သယ်ဆောင်ပေးခဲ့တာလို့ဝန်ခံထားပါတယ်။
အဲဒီအပြင်ကန်ချနဘူရီခရိုင်၊စိုင်ယို့မြို့နယ် စစ်ဆေးရေးဂိတ်မှာ ဇူလိုင်လ ၂၀ ရက်နေ့ကလည်းစစ်ဆေးမှုကို လက်မခံဘဲ ထွက်ပြေးတဲ့ကားတစီး လမ်းဘေးကျောက်တုံးနဲ့ တိုက်မိပြီးကားပေါ်ပါလာတဲ့ တရားမဝင် မြန်မာ တဆယ့်ကိုး ဦး ဖမ်းဆီးခံခဲ့ရပါတယ်။
ယာဉ်မောင်းဖြစ်သူကတော့ အခြားကားတစီးနဲ့ ထွက်ပြေးလွတ်မြောက်သွားခဲ့တာပါ။
အဲဒီမြန်မာ တဆယ့်ကိုး ဦးဟာ ဘုရားသုံးဆူ နယ်စပ်ကနေတဆင့် စမုတ်ပရာကန်ခရိုင်မှာ အလုပ်လုပ်ဖို့ ပွဲစားခ ဘတ် တသောင်းလေးထောင် စီ ပေးခဲ့ရပါတယ်။
အဲဒီဖမ်းဆီးရမိသူတွေကို တရားမဝင် ဝင်ရောက်မှုတွေနဲ့ အမှုဖွင့်ပြီး သက်ဆိုင်ရာ ရဲစခန်းအသီးသီးမှာ အရေးယူဆောင်ရွက်နေပါတယ်။













