Border News Agency
ရသေ့တောင်၊ဩဂုတ် ၁၇။
ရသေ့တောင်မြို့နယ်၊ အောက်ဇီးကိုင်းကျေးရွာကို သြဂုတ်လ ၁၇ ရက်၊ဒီနေ့ မနက် ၁၁ နာရီခွဲအချိန်က အာဏာသိမ်းစစ်တပ်လေကြောင်းတိုက်ခိုက်ခဲ့တယ်လို့ အာရက္ခတပ်တော်(AA)က ထုတ်ပြန်ပါတယ်။
အဲဒီလိုလေကြောင်းတိုက်ခိုက်ခဲ့တာကြောင့် အောက်ဇီးကိုင်းကျေးရွာမှ အသက်လေးဆယ်ရှစ်နှစ်အရွယ် ဒေါ်သန်းမေနုရဲ့နဖူးမှာဒဏ်ရာရရှိခဲ့ပြီး ဒေသခံတွေရဲ့နေအိမ်သုံးလုံးလည်း ပျက်စီးသွားခဲ့ပါတယ်။
အဲဒီသံတွဲမြို့ ပတ်ဝန်းကျင်ကို သြဂုတ်လ ၁၆ ရက်နေ့ကလည်း အာဏာသိမ်းစစ်တပ်ကလေကြောင်းတိုက်ခိုက်ခဲ့တာကြောင့် သားအဖနှစ်ဦးသေဆုံးကာ အရပ်သားစေတနာ့ဝန်ထမ်းနှစ်ဦး ဒဏ်ရာရရှိခဲ့တာပါ။
အာဏာသိမ်းစစ်တပ်ဟာ အာရက္ခတပ်တော်ထိန်းချုပ်ထားတဲ့မြို့ရွာတွေကို လေကြောင်းမှနေ့စဉ်ရက်ဆက်တိုက်ခိုက်နေလို့ အရပ်သားထိခိုက်သေဆုံးမှုနဲ့ နေအိမ်ပျက်စီးမှုတွေတရက်ထက်တရက် ပိုမိုမြင့်တက်လာနေပါတယ်။
အာဏာသိမ်းစစ်တပ်ဟာ လေကြောင်းတိုက်ခိုက်တာတွေပိုလုပ်လာတာကြောင့် ပြည်သူတွေအနေနဲ့ အာဏာသိမ်းစစ်တပ်ရဲ့ လေကြောင်းနဲ့ရေကြောင်း အန္တရာယ်ကိုသတိထားကြဖို့ အာရက္ခတပ်တော်ကထပ်ပြီးအသိပေးထားပါတယ်။


















