Border News Agency
ကျောက်တော်၊ အောက်တိုဘာ ၅။
မြန်မာနိုင်ငံတဝှမ်း စစ်ကော်မရှင် လေကြောင်းတိုက်ခိုက်တာကြောင့် အရပ်သား ၄၁၃၅ ဦးသေဆုံးခဲ့တယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ(NUG)က အောက်တိုဘာလ ၄ ရက်၊ မနေ့က ထုတ်ပြန်ပါတယ်။
စစ်တပ်အာဏာသိမ်းခဲ့တဲ့ ၂၀၂၃ ခုနှစ် ဖေဖော်ဝါရီလမှ ခုအောက်တိုဘာ၂ ရက်နေအထိ လေကြောင်းတိုက်ခိုက်မှုပေါင်း ၃၇၄၄ ကြိမ်ပြုလုပ်ခဲ့ပြီး သေဆုံးသူ ၄၁၃၅ ဦးအထိရှိခဲ့တယ်လို့ဆိုပါတယ်။
အဲဒီသေဆုံးသူတွေအထဲမှာ အသက် ၁၈ နှစ်အောက်ကလေးသူငယ် ၅၅၉ ဦး ပါဝင်တယ်လို့ ဆိုပါတယ်။
အဲဒီအပြင် လေကြောင်းတိုက်ခိုက်တာတွေကြောင့် စာသင်ကျောင်း ၃၇၄ ကျောင်း၊ ဆေးရုံ၊ ဆေးခန်း ၁၂၉ ခုနဲ့ ဘာသာရေးအဆောက်အအုံ ၅၇၆ ခု ပျက်စီးဆုံးရှုံးခဲ့တယ်လို့ဆိုပါတယ်။
နောက်ပြီး စစ်ကော်မရှင်တပ်ဟာ အစုလိုက်အပြုံလိုက်သတ်ဖြတ်မှုတွေကိုလည်း ဆက်တိုက်ကျူးလွန်နေပြီး အစုလိုက်အပြုံလိုက်သတ်ဖြတ်မှုပေါင်း ၄၅၂ မှု အထိကျူးလွန်ခဲ့တယ်လို့ဆိုပါတယ်။
ဒီနေ့အချိန်အထိ စစ်ကော်မရှင်ရဲ့အစုလိုက်အပြုံလိုက်သတ်ဖြတ်မှုကြောင့်သေဆုံးသူပေါင်း ၄,၇၆၃ ဦး ရှိတယ်လို့ဆိုပါတယ်။
အဲဒီလိုအစုလိုက်အပြုံလိုက်သတ်ဖြတ်မှုကြောင့် သေဆုံးရသူတွေထဲမှာ အသက် ၁၈ နှစ်အောက်ကလေးငယ် ၅၃၈ ယောက် ပါဝင်နေပြီး အမျိုးသမီး ၈၂၉ယောက် ပါဝင်တယ်လို့ဆိုပါတယ်။
စစ်ကော်မရှင်တပ်ဟာ အာရက္ခဒေသအပါအဝင် တော်လှန်ရေးတပ်တွေထိန်းချုပ်ထားတဲ့ နေရာတွေကို လေကြောင်းတိုက်ခိုက်တာ၊လက်နက်ကြီးပစ်ခတ်တာတွေ နေ့စဥ်ပြုလုပ်နေတာမို့ အရပ်သားပြည်သူတွေ သေဆုံး၊ ဒဏ်ရာရနေကြပါတယ်။