Border News Agency
သံတွဲ၊ အောက်တိုဘာ ၁၀။
စစ်ကော်မရှင်တပ်ဟာ သံတွဲ၊ ဂွစတဲ့မြို့အနီးကို စစ်သင်္ဘောတွေကလက်နက်ကြီး၊ လေယာဉ်တွေနဲ့ဆက်တိုက်ပစ်ခတ်နေလို့ ပြည်သူတွေအတွက် အန္တရာယ်အမြင့်ဆုံးဖြစ်နေတယ်လို့ အာရက္ခတပ်တော်(AA)က အောက်တိုဘာလ ၁၀ရက်၊ ဒီနေ့ထုတ်ပြန်ပါတယ်။
လူနေထူထပ်တဲ့ အရပ်သားပြည်သူတွေနေထိုင်ရာနေရာ၊ စာသင်ကျောင်း၊ ဆေးရုံ၊ဆေးခန်းနဲ့ သာသနိကအဆောက်အအုံတွေကို စစ်ကော်မရှင်တပ်ရည်ရွယ်ချက်ရှိရှိရေကြောင်း၊ လေကြောင်းကတိုက်ခိုက်မှု ပြုလုပ်နေတယ်လို့ ဆိုပါတယ်။
စစ်ကော်မရှင်တပ်က စက်တင်ဘာလ ၄ ရက်နေ့က စစ်သင်္ဘောပေါ်ကလက်နက်ကြီးတွေ ပစ်ခတ်တိုက်ခိုက်မှုကြောင့် သံတွဲ – ငပလီကမ်းခြေအနီးနဲ့ လင်းရိုးတောင်ပေါ်မှာကျရောက် ပေါက်ကွဲခဲ့တယ်လို့ဆိုပါတယ်။
သံတွဲမြို့၊ ညောင်ပင်ဈေးရပ်ကွက်ကို စက်တင်ဘာလ ၂၇ ရက်နေ့က စစ်ကော်မရှင်တပ်လေကြောင်းတိုက်ခိုက်ခဲ့လို့ တဦးသေဆုံးပြီးခြောက်ဦးဒဏ်ရာရရှိခဲ့သလို နေအိမ်ရှစ်လုံးပျက်စီးသွားခဲ့ပါတယ်။
သံတွဲမြို့ပတ်ဝန်းကျင်ကို စက်တင်ဘာ လ ၂၉ရက်နေ့ကလည်း စစ်ကော်မရှင်တပ်စစ်သင်္ဘောတွေက လက်နက်ကြီးတွေ တောက်လျှောက်ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ ဆိုပါတယ်။
အဲဒီအပြင် ဂွမြို့နယ်၊ ပုန်းညက်ကျေးရွာရဲ့အနောက်ဘက် မီတာတသောင်းခန့်အကွာ ပင်လယ်ပြင်မှစစ်ကော်မရှင်တပ်စစ်သင်္ဘောတွေပေါ်က လက်နက်ကြီးကျည်တွေ အောက်တိုဘာလ ၉ ရက်နေ့ဆယ့်တကြိမ် ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ ဆိုပါတယ်။
သံတွဲ(ငပလီ)ကမ်းခြေမျက်နှာချင်းဆိုင်မှာ အထိုင်ချထားတဲ့ စစ်သင်္ဘောတွေက အောက်တိုဘာလ ၉ရက်နေ့ကလည်း စစ်ကော်မရှင်တပ်လက်နက်ကြီးတွေ သံတွဲမြို့ပတ်ဝန်းကျင်ကို ပစ်ခတ်ခဲ့တယ်လို့ ဆိုပါတယ်။
အဲဒီအပြင် သံတွဲနဲ့ ဂွမြို့ပေါ်မှာ လေယာဉ်တွေလေးနာရီခန့်ကြာဆက်တိုက်ဝဲပျံနေခဲ့ပြီး အောက်တိုဘာလ ၁၀ရက်နေ့ကလည်း သံတွဲမြို့ကိုတိုက်ခိုက်ခဲ့တယ်လို့လည်း ဆိုပါတယ်။
အဲဒါကြောင့် ပင်လယ်ကမ်းနီးမြို့၊ ရွာတွေက မိဘပြည်သူတွေဟာ စစ်ကော်မရှင်တပ်ရေကြောင်း၊ လေကြောင်းတိုက်ခိုက်မှုအန္တရာယ်ကို အထူးသတိထားကြပြီး စစ်ရေးသတိရှိဖို့အသိပေးထားပါတယ်။