Border News Agency
မကွေး၊ ဒီဇင်ဘာ ၈။
မကွေးတိုင်း၊ သရက်မြို့နယ်မှ အင်အားသုံးဆယ်နဲ့ကံမမြို့နယ်၊ ရေနံ့သာရဲကင်းစခန်းမှ အင်အားလေးဆယ်ခန့်ပါ စစ်ကော်မရှင်တပ်စစ်ကြောင်းနှစ်ကြောင်းကို တော်လှန်ရေးတပ်တွေတိုက်ခိုက်လို့ ခြောက်ဦးသေဆုံးခဲ့တယ်လို့ သရက်ခရိုင်အမှတ် ၄ တပ်ရင်းမှ ဒီဇင်ဘာလ ၈ ရက်၊ ဒီနေ့ထုတ်ပြန်ပါတယ်။
အဲဒီ စစ်ကော်မရှင်တပ်စစ်ကြောင်းနှစ်ကြောင်းကို ဒီဇင်ဘာလ ၈ ရက်၊ ဒီနေ့မှာပြည်သူ့ကာကွယ်ရေးတပ်မတော်၊ သရက်ခရိုင်စစ်ဌာန၊ သရက်ခရိုင်အမှတ် – ၄ တပ်ရင်း၊ တပ်ခွဲ ၃မှ မိုင်းဆွဲပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ဆိုပါတယ်။
အဲဒိီအချိန် ငါးမိနစ်ခန့်တိုက်ပွဲဖြစ်ပွားခဲ့ပြီး စစ်ကော်မရှင်တပ်ဖက်မှ ခြောက်ဦးသေဆုံးခဲ့တယ်လို့ ဆိုပါတယ်။
တိုက်ပွဲအတွင်း ဒဏ်ရာရသွားတဲ့ စစ်ကော်မရှင်တပ်ဖွဲ့ဝင်တွေဟာ သရက် -ကံမလမ်းပိုင်းအတိုင်းစစ်ကြောင်းထိုးလာပြီး လမ်းပိုင်းပေါ်ရှိထန်းဖြူကျေရွာနဲ့ ရေတွင်းကြီးကျေးရွာမှဒေသခံပြည်သူနေအိမ်တွေကို ဖောက်ထွင်းခဲ့တယ်လို့ဆိုပါတယ်။
အဲဒီအပြင်သရက်မြို့နယ် စက်တောင်ကျေးရွာအနီးအရောက်မှာ တော်လှန်ရေးတပ်တွေနဲ့ထပ်ပြီး တိုက်ပွဲဖြစ်ပွားခဲ့ရာစစ်ကော်မရှင်တပ်ဖွဲ့ဝင် ဆယ်ဦးသေဆုံးခဲ့တယ်လို့ဆိုပါတယ်။
အဲဒီတိုက်ခိုက်ခံရတဲ့ စစ်ကော်မရှင်တပ်စစ်ကြောင်းဟာ သရက်မြို့နယ်၊ စက်တောင်ကျေးရွာဘုန်းကြီးကျောင်းအနီးမှာ လက်နက်ကြီးတပ်ဆင်ကာ တိုက်ပွဲဖြစ်ပွာရာအနီးတဝိုက်သို့ ရမ်းသမ်းပစ်ခတ်တာတွေရှိနေတယ်လို့ဆိုပါတယ်။
အဲဒါကြောင့် တိုက်ပွဲတွေထပ်ပြီးဖြစ်လာနိုင်တာမို့ သရက် – ကံမ လမ်းပိုင်းကို အသုံးပြုသွားနေကြတဲ့ ခရီးသွားပြည်သူတွေအနေနဲ့ သတိထားသွားလာကြဖို့အသိပေးထားပါတယ်။






