Border News Agency
ကျောက်ဖြူ၊ ဇန်နဝါရီ ၂၀။
ကျောက်ဖြူမြို့နယ်၊ ကျောက်ကလေကျေးရွာအနီးက စစ်ဘေးရှောင်စခန်းကို ဇန်နဝါရီလ ၁၇ ရက်နေ့က စစ်ကော်မရှင်တပ် လေကြောင်းတိုက်ခိုက်လို့ အမျိုးသမီးနှစ်ဦးသေဆုံးပြီး သက်ကြီးအမျိုးသမီးတဦး ဒဏ်ရာပြင်းပြင်းထန်ထန်ရသွားခဲ့ပါတယ်။
အဲဒီပြင်းထန်ဒဏ်ရာရသွားခဲ့တဲ့ အသက်ကိုးဆယ်ငါးနှစ်အရွယ် ဒေါ်အောင်မြတ်နုဟာ ဇန်နဝါရီလ ၁၈ ရက်နေ့က ဆေးကုသမှုခံယူနေရင်း ဒဏ်ရာပြင်းထန်တာကြောင့် သေဆုံးသွားခဲ့ပါတယ်။
အဲဒီ ဒေါ်အောင်မြတ်နုဟာ ကျောက်ဖြူမြို့နယ်ပျားတဲကျေးရွာကဖြစ်ပြီး ကျောက်ကလေကျေးရွာမှာ စစ်ဘေးရှောင်နေတာဖြစ်ပါတယ်။
အဲဒီအပြင် သဖန်းချောင်းရွာထဲကို ဇန်နဝါရီလ ၁၄ ရက်နေ့ကလည်း စစ်ကော်မရှင်တပ်ရဲ့စစ်သင်္ဘောတွေက ရွယ်ရည်ချက်ရှိရှိ လက်နက်ကြီးပစ်ခတ်လို့ စစ်ရှောင်လင်မယားနှစ်ဦး သေဆုံးသွားခဲ့ပါတယ်။
စစ်ကော်မရှင်တပ်ဟာ ကျောက်ဖြူအပါအဝင် အာရက္ခတပ်တော်ထိန်းချုပ်ထားတဲ့ မြို့တွေကို စစ်သင်္ဘောတွေက လက်နက်ကြီး၊ လေယာဉ်တွေနဲ့ဆက်တိုက်ပစ်ခတ်နေလို့ ပြည်သူတွေအတွက် အန္တရာယ်အမြင့်ဆုံးဖြစ်နေတယ်လို့ အာရက္ခတပ်တော်က ဆိုပါတယ်။
လူနေထူထပ်တဲ့ အရပ်သားပြည်သူတွေနေထိုင်ရာနေရာ၊ စာသင်ကျောင်း၊ ဆေးရုံ၊ ဆေးခန်းနဲ့ သာသနိကအဆောက်အအုံတွေကို စစ်ကော်မရှင်တပ်ရည်ရွယ်ချက်ရှိရှိရေကြောင်း၊ လေကြောင်းကတိုက်ခိုက်မှု ပြုလုပ်နေတယ်လို့ ဆိုပါတယ်။
အဲဒါကြောင့် ပင်လယ်ကမ်းနီးမြို့၊ ရွာတွေက မိဘပြည်သူတွေဟာ စစ်ကော်မရှင်တပ်ရေကြောင်း၊ လေကြောင်းတိုက်ခိုက်မှုအန္တရာယ်ကို အထူးသတိထားကြပြီး စစ်ရေးသတိရှိဖို့အသိပေးထားပါတယ်။






