Border News Agency
ဂမ်ဘီယာ၊ ဇန်နဝါရီ ၂၀။
ဂမ်ဘီယာနိုင်ငံက မြန်မာနိုင်ငံအပေါ် စွဲဆိုထားတဲ့ လူမျိုးတုံးသတ်ဖြတ်မှုအမှုနဲ့ပတ်သက်ပြီး မြန်မာဘက်က ဇန်နဝါရီလ ၁၉ ရက်၊ မနေ့က ICJ တရားရုံးသို့ ပြန်လည်ချေပချက်တွေ တင်သွင်းခဲ့ပါတယ်။
ဂမ်ဘီယာဘက်က တင်ပြထားတဲ့ သက်သေအထောက်အထားတွေဟာ ခိုင်လုံမှုမရှိဘူးလို့ မြန်မာဘက်ကပြောဆိုလိုက်တာပါ။
မြန်မာဘက်ကရှေ့နေ Christopher Staker က ခုတင်ပြထားတဲ့ သက်သေအများစုဟာ ဘင်္ဂလားဒေ့ရှ် ဒုက္ခသည်စခန်းတွေက အမည်ဝှက်ထားသူတွေ ဖြစ်နေတာကြောင့် အားကိုးလို့မရဘူးလို့ လျှောက်လဲခဲ့ပါတယ်။
အဲဒီသက်သေတွေက အမည်ဝှက်ထားသူတွေဖြစ်နေတဲ့အတွက် လူတဦးတည်းကပဲ အဖွဲ့အစည်းပေါင်းစုံကိုလိုက်ပြီး ထပ်တလဲလဲဖြေကြားထားတဲ့ အချက်အလက်တွေ ဖြစ်နေနိုင်တယ်လို့လည်း ထောက်ပြခဲ့ပါတယ်။
အဲဒီအပြင် ဂမ်ဘီယာဘက်က အထောက်အထားတွေဟာ ကုလသမဂ္ဂနဲ့ NGO တွေအပေါ်မှာပဲ အလွန်အကျွံအခြေခံထားတယ်လို့ မြန်မာဘက်က စွပ်စွဲပါတယ်။
အဲဒီဒုက္ခသည်စခန်းတွေထဲမှာ အာဆာ(ARSA)အဖွဲ့ရဲ့ သြဇာလွှမ်းမိုးမှုတွေရှိနေတာကြောင့်လည်း သက်သေတွေရဲ့ထွက်ဆိုချက်တွေဟာ လွတ်လပ်မှုမရှိနိုင်ဘူးလို့ ဆိုပါတယ်။
ဂမ်ဘီယာနဲ့ နိုင်ငံတကာအဖွဲ့အစည်းတွေဘက်ကတော့ သူတို့ရဲ့ အထောက်အထားတွေကို စနစ်တကျစုဆောင်းထားတာလို့ပြောထားပေမယ့် မြန်မာရှေ့နေတွေကတော့ သက်သေအမည်မဖော်ပြနိုင်တဲ့အချက်ကိုပဲ အဓိကထားတိုက်ခိုက်ပြီး အထောက်အထားတွေရဲ့ခိုင်လုံမှုကို လျှော့ချဖို့ တရားရုံးမှာကြိုးပမ်းခဲ့ကြတာ ဖြစ်ပါတယ်။






