Border News Agency
ပဲခူး၊ဇွန် ၂၅။
ပဲခူးတိုင်း၊ပန်းတောင်းမြို့နယ်နဲ့ရန်ကုန်တိုင်း မှော်ဘီမြို့နယ်တို့မှာ စုစုပေါင်း ဒေသကာလတန်ဖိုး ငွေကျပ် ၂ ဒသမ ၁၅ ဘီလီယံကျော် တန်ဖိုးရှိတဲ့ စိတ်ကြွရူးသွပ်ဆေးပြား ၁၄ သိန်းကျော်ကို ဖမ်းဆီးရမိခဲ့တယ်လို့ အာဏာသိမ်းစစ်တပ်ရဲ့ မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့ (CCDAC) က ဇွန် ၂၄ ရက်၊မနေ့ကထုတ်ပြန်ပါတယ်။
အဲဒီပန်းတောင်းမြို့နယ်၊ပြည် – ဥသျှစ်ပင်သွားကားလမ်းမှာ ဇွန် ၁၅ ရက် ညနေပိုင်းက ကိုကိုလွင် (ခ) ကိုကြီး မောင်းနှင်လာတဲ့ မစ်ဆူဘီရှီကားကို စစ်ဆေးရာကနေ ကားပေါ်က စိတ်ကြွဆေးပြား ၁၄ သိန်း အရင်ဆုံး ဖမ်းဆီးရမိခဲ့တာလို့ဆိုပါတယ်။
အဲဒီအပြင် ဇွန် ၁၆ ရက် ညပိုင်းမှာမှော်ဘီမြို့နယ်၊ပိန္နဲကုန်းကျေးရွာမှာ နေထိုင်တဲ့ သန်းစိုး ဆိုသူကို စိတ်ကြွဆေးပြား ၂၅,၀၀၀ ပြား၊ ဆိုင်ကယ်တစီးနဲ့အတူ ထပ်မံဖမ်းဆီးရမိခဲ့တယ်လို့ ဆိုပါတယ်။
အဲဒီမူးယစ်ဆေးဝါးတွေကို အဓိက သယ်ဆောင်ခိုင်းသူဟာ မှော်ဘီမြို့နယ်က ညီညီလွင် (ခ) ကိုညီ ဖြစ်ပြီး သူရဲ့ စီမံမှုနဲ့ ဇင်ကိုလတ်နဲ့ မင်းခန့်စိုးတို့က ပြည်မြို့မှာ တဆင့်လွှဲပြောင်းပေးခဲ့တာဖြစ်တယ်လို့ဆိုပါတယ်။
အဲဒီ ဖမ်းမိသူတွေကို မူးယစ်ဆေးဝါးနဲ့ စိတ်ကိုပြောင်းလဲစေတဲ့ ဆေးဝါးများဆိုင်ရာ ဥပဒေအရ အရေးယူထားပြီး လွတ်မြောက်နေတဲ့ ကွင်းဆက်တရားခံ ၃ ဦးကိုလည်း ဆက်လက်စစ်ဆေးရှာဖွေနေတယ်လို့ ဆိုပါတယ်။










