Border News Agency
ထိုင်း၊ဇွန် ၂၅။
ထိုင်းနိုင်ငံ၊ နခွန်စဝမ်ခရိုင်နဲ့ ဖိချစ်ခရိုင်တို့မှာ တရားမဝင်ခိုးဝင်လာတဲ့ မြန်မာရွှေ့ပြောင်းအလုပ်သမား ၄၀ ဦးကို ထိုင်းရဲတပ်ဖွဲ့က ဖမ်းဆီးလိုက်ပါတယ်။
အဲဒီနခွန်စဝမ်ခရိုင်အတွင်းမှာ သံသယဖြစ်ဖွယ် ကား ၂ စီးကို ဇွန်လ ၂၄ ရက်နေ့က ထိုင်းအဝေးပြေးရဲတပ်ဖွဲ့က တားဆီးစစ်ဆေးရာကနေ အထောက်အထားမရှိတဲ့ မြန်မာနိုင်ငံသား ၁၉ ဦးနဲ့အတူ သူတို့ကို သယ်ဆောင်လာတဲ့ ထိုင်းယာဉ်မောင်း ၂ ဦးကို ဖမ်းဆီးရမိခဲ့တာပါ။
အဲဒီဖမ်းဆီးခံရသူတွေဟာ တာ့ခ်ခရိုင် နယ်စပ်ကနေ ခိုးဝင်လာကြတာဖြစ်ပြီး ဘန်ကောက်နဲ့ ပရာချင်းဘူရီတို့ကို သွားရောက်အလုပ်လုပ်ဖို့ ပွဲစားခ ဘတ် ၂၀၀ောင်းစီ ပေးခဲ့ရတယ်လို့ သိရပါတယ်။
အဲဒီအပြင် ဇွန်လ ၂၁ ရက်နေ့ကလည်း ဖိချစ်ခရိုင်၊ ထပ်ခလောမြို့နယ်ရှိ လမ်းဘေးမြက်တောတခုထဲမှာ ပုန်းအောင်းနေတဲ့ မြန်မာနိုင်ငံသား ၂၁ ဦး၊အမျိုးသား ၁၀ ဦး၊ အမျိုးသမီး ၁၁ ဦး ကို ထိုင်းအာဏာပိုင်တွေက ထပ်မံဖမ်းဆီးခဲ့ပါတယ်။
သူတို့ဟာ မဲဆောက်ကနေတဆင့် ချွန်ဘူရီခရိုင်ကို သွားရောက်အလုပ်လုပ်ဖို့ လာခဲ့ကြတာဖြစ်ပြီး လမ်းခရီးမှာ ရဲဂိတ်တွေ တင်းကျပ်နေတာကြောင့် ပွဲစားတွေက မြက်တောထဲမှာ ပုန်းခိုင်းပြီး ကားနဲ့မောင်းပြေးသွားခဲ့လို့ လမ်းပိတ်မိကာ ဖမ်းဆီးခံခဲ့ရတာ ဖြစ်ပါတယ်။
အဲဒီ ဖမ်းဆီးရမိတဲ့ မြန်မာနိုင်ငံသား ၄၀ ဦးစလုံးကို သက်ဆိုင်ရာရဲစခန်းတွေဆီ လွှဲပြောင်းပေးထားပြီး ထိုင်းလူဝင်မှုကြီးကြပ်ရေးဥပဒေအရ ဆက်လက်အရေးယူသွားမယ်လို့ သိရပါတယ်။



















