Border News Agency
အီရန်၊ဇွန် ၂၅။
အမေရိကန်အစိုးရနဲ့အီရန်အာဏာပိုင်တွေကြားအရှေ့အလယ်ပိုင်းစစ်ပွဲ အဆုံးသတ်ရေး ဆွေးနွေးညှိနှိုင်းမှုတွေ လုပ်ဆောင်နေချိန်မှာ ဟော်မုဇ်ရေလက်ကြားကို ဖြတ်သန်းသွားလာမယ့် သင်္ဘောတွေဆီကနေ အီရန်အနေနဲ့ အခွန် ကောက်ခံခွင့်ပြုမှာမဟုတ်ဘူးလို့ အမေရိကန်နိုင်ငံခြားရေးဝန်ကြီး မာကိုရူဘီယိုက ပြောကြားလိုက်ပါတယ်။
ပြီးခဲ့တဲ့ရက်ပိုင်းက ဆွစ်ဇာလန်နိုင်ငံမှာ အမေရိကန်နဲ့ အီရန်တို့အကြား ရက်ပေါင်း ၆၀ ကြာ သံတမန်ရေးအရ ဆွေးနွေးဖို့ ယာယီသဘောတူညီချက် လက်မှတ်ရေးထိုးခဲ့ပြီးနောက် အီရန်ဘက်က ရေလက်ကြားဖြတ်သန်းခ ကောက်ခံမယ့်အစီအစဉ်ကို ဆွေးနွေးပွဲကာလအတွင်း ခေတ္တဆိုင်းငံ့ထားမယ်လို့ ပြောဆိုခဲ့တာပါ။
ဒါပေမယ့်လည်း အမေရိကန်နိုင်ငံခြားရေးဝန်ကြီး ရူဘီယိုက ဟော်မုဇ်ရေလက်ကြားဟာ နိုင်ငံတကာရေပိုင်နက်ဖြစ်လို့ ဘယ်နိုင်ငံကမှ အခွန်ကောက်ခွင့်မရှိကြောင်း ကန့်ကွက်ခဲ့ပတယ်။
တဖက်မှာလည်း အီရန်ရဲ့ အဓိကဆွေးနွေးသူ မိုဟမ္မဒ် ဘာဂါ ဂါလီဘတ်ဖ်က စစ်ပွဲအပြီး ဟော်မုဇ်ရေလက်ကြားရဲ့ အခြေအနေဟာ စစ်ပွဲမတိုင်ခင် အခြေအနေဟောင်းအတိုင်း ဘယ်တော့မှ ပြန်မဖြစ်နိုင်တော့ဘူးလို့ တုံ့ပြန်ထားပါတယ်။
လက်ရှိမှာ ကမ္ဘာ့ရေနံနဲ့ သဘာဝဓာတ်ငွေ့ သယ်ယူပို့ဆောင်ရေးရဲ့ ငါးပုံတပုံခန့် ဖြတ်သန်းနေရတဲ့ အဲဲဒီရေလက်ကြားအတွင်း စစ်ပွဲကြောင့် သင်္ဘောသွားလာမှု ထက်ဝက်မက လျော့နည်းနေဆဲဖြစ်ပြီး ရေမြှုပ်မိုင်းအန္တရာယ် စိုးရိမ်ရမှုတွေလည်း ရှိနေဆဲ ဖြစ်ပါတယ်။
အဲဒီအပြင် အီရန်ရဲ့ နျူကလီးယားအစီအစဉ်၊ အမေရိကန်က ပိတ်ဆို့ထားတဲ့ အီရန်ငွေကြေးကိစ္စရပ်တွေနဲ့ ပတ်သက်ပြီး နှစ်ဖက်အကြား သဘောထားကွဲလွဲမှုတွေ အများအပြား ရှိနေသေးတဲ့အတွက် လာမယ့်အပတ် အင်္ဂါနေ့မှာ ဆွေးနွေးပွဲတွေကို ဆက်လက်လုပ်ဆောင်သွားဖို့ ရှိနေပါတယ်။










