Border News Agency
မဲဆောက်၊ ဇန်နဝါရီ ၂၁။
ထိုင်း-မြန်မာနယ်စပ် မဲဆောက်မြို့၊ မယ်တောင်ရပ်ကွက်မှာ မြန်မာရွှေ့ပြောင်းအလုပ်သမားတွေကြား လူသိများတဲ့ အွန်လိုင်းဆယ်လီ LGBT လူငယ် ကိုတင်ဇော်ထွေး (ခ) ဧရာဝတီမဟာ အသတ်ခံလိုက်ရတယ်လို့ သိရပါတယ်။
အဲဒီအသက် နှစ်ဆယ့်ငါးနှစ်အရွယ်ရှိပြီဖြစ်တဲ့ ကိုတင်ဇော်ထွေးဟာ ပြီးခဲ့တဲ့ ဇန်နဝါရီလ ၁၈ ရက်၊ည ၁၂ နာရီအချိန်ကစပြီး နေအိမ်ကို ပြန်မလာတော့ဘဲ အဆက်အသွယ် ပြတ်တောက်နေခဲ့တာ ဖြစ်ပါတယ်။
အတူနေထိုင်သူတွေက လူမှုကွန်ရက်ပေါ်မှာ လူပျောက်ကြော်ငြာတင်ပြီး အကူအညီတောင်းခံခဲ့ကြပေမယ့် နှစ်ရက်အကြာ ဇန်နဝါရီလ ၂၀ ရက်၊ နေ့လည်ပိုင်းမှာတော့ မယ်တောင်ရပ်ကွက်၊ TK ကြီး စက်ရုံလမ်းမအနီးရှိ လူသူကင်းမဲ့တဲ့ ခြံဝင်းအတွင်းက ကုက္ကိုလ်ပင်အောက်မှာ သူရဲ့ရုပ်အလောင်းကို ဒေသခံတွေက တွေ့ရှိခဲ့ကြတာပါ။
အဲဒီလူသတ်မှုနဲ့ ပတ်သက်ပြီး နီးစပ်သူတွေကတော့ တရားခံဟာလူမှုကွန်ရက်ကနေတဆင့် ရင်းနှီးအောင်လုပ်ပြီး လူသူအရောက်နည်းတဲ့ ခြံကွက်လွတ်အတွင်းကို လိမ်လည်ခေါ်ဆောင်ကာ သတ်ဖြတ်ခဲ့တာဖြစ်နိုင်တယ်လို့ ဆိုကြပါတယ်။
အဲဒီအခင်းဖြစ်ပွားရာနေရာမှာ ကိုတင်ဇော်ထွေးဝတ်ဆင်ထားတဲ့ ရွှေဆွဲကြိုးတကျပ်သားတစ်ကုံး၊ ရွှေလက်စွပ်၊ ရွှေလက်ပတ် တစ်စုံအပြင် iPhone 17 Pro Max တလုံးနဲ့ ဘတ်ငွေ လေးသောင်းငါးထောင်ပါ ပျောက်ဆုံးနေတာကြောင့် လုယက်သတ်ဖြတ်ခံရတာဖြစ်နိုင်တာ်လို့ ဆိုကြပါတယ်။
အဲဒီလူသတ်မှုနဲ့ပတ်သက်ပြီး မဲဆောက်ရဲစခန်းက ရဲတပ်ဖွဲ့ဝင်တွေနဲ့ မှုခင်းဆရာဝန်တွေဟာ အခင်းဖြစ်ပွားတဲ့နေရာကို ပိတ်ဆို့စစ်ဆေးနေပြီး သေဆုံးသူနဲ့နောက်ဆုံးအဆက်အသွယ်ရှိခဲ့သူတွေကို ခေါ်ယူစစ်ဆေးနေတယ်လို့ သိရပါတယ်။
အဲဒီအပြင် အနီးနားက CCTV မှတ်တမ်းတွေကိုလိုက်လံစစ်ဆေးနေပြီး တရားခံဟာ ထိုင်းနိုင်ငံသားလား ဒါမှမဟုတ် မြန်မာနိုင်ငံသားလားဆိုတာကို အတည်ပြုနိုင်ဖို့အတွက် တာဝန်ရှိသူတွေကရှာဖွေနေကြပါတယ်။






