Border News Agency
ကျောက်တော်၊ ဇန်နဝါရီ ၂၁။
အာရက္ခတပ်တော်ထိန်းချုပ်ထားတဲ့ ကျောက်တော်မြို့နယ်နဲ့ ပုဏ္ဏားကျွန်းမြို့နယ်အစပ်မှာရှိတဲ့ စစ်သုံ့ပန်းထိန်းသိမ်းရေးစခန်းကို စစ်ကော်မရှင်တပ်လေကြောင်းတိုက်ခိုက်လို့ စစ်သုံ့ပန်းနဲ့မိသားစုဝင် နှစ်ဆယ့်တဦးသေဆုံးပြီး သုံးဆယ်ဦးဒဏ်ရာရသွားခဲ့ပါတယ်။
အဲဒီ ကျောက်တော်မြို့နယ်၊ ချောင်းတူ (ခ) ဆောင်းဒုံကျေးရွာအနီးရှိ စစ်သုံ့ပန်းထိန်းသိမ်းရေးစခန်းကို ဇန်နဝါရီလ ၂၀ ရက်၊ ည ၇ နာရီခွဲအချိန်ခန့်က စစ်ကော်မရှင်တပ်လေကြောင်းမှ ပေါင် ၃၀၀ ဗုံးလေးလုံးနဲ့တိုက်ခိုက်ခဲ့ပါတယ်။
အဲဒီစစ်ကော်မရှင်တပ်ဟာ စစ်သုံ့ပန်းတွေကိုဆေးကုပေးနေတဲ့ ဆေးခန်းဝန်းကျင်ကို ဗုံးနှစ်လုံး၊ အမျိုးသမီးနဲ့ ကလေးငယ်တွေရှိတဲ့အဆောင်ကိုတလုံး၊ အမျိုးသားဆောင်နားကိုတလုံးထိ ရွယ်ရည်ချက်ရှိရှိ လေကြောင်းတိုက်ခိုက်ခဲ့တာဖြစ်ပါတယ်။
အဲဒီလို တိုက်ခိုက်ခဲ့တာကြောင့် စစ်သုံ့ပန်းနဲ့ မိသားစုဝင်နှစ်ဆယ့်တဦးသေဆုံးပြီး သုံးဆယ်ဦးဒဏ်ရာရသွားတဲ့ထဲမှာ အရေးပေါ်လူနာတွေလည်း ပါဝင်နေပါတယ်။
အဲဒီအပြင် သေဆုံးဒဏ်ရာရသူတွေထဲမှာ အမျိုးသမီးတွေ၊ ကလေးသူငယ်တွေ၊ သက်ကြီးရွယ်အိုတွေလည်း ပါဝင်နေပါတယ်။
အဲဒီလို စစ်ကော်မရှင်တပ်လေကြောင်းတိုက်ခိုက်လို့ သေဆုံးသွားသူတွေဟာ တိုက်ပွဲတွေအတွင်း အေအေဆီမှာအလံဖြူထောင်ပြီး အလင်းဝင်ရောက်လာခဲ့တဲ့ စစ်ကော်မရှင်တပ်ဖွဲ့ဝင်တွေနဲ့ သူတို့ရဲ့မိသားစုဝင်တွေ ဖြစ်ကြပါတယ်။
အဲဒီစစ်သုံ့ပန်းတွေဟာ နိုင်ငံတကာဥပဒေတွေနဲ့အညီ ထိန်းသိမ်းစောင့်ရှောက်ခံထားရသူတွေဖြစ်ပေမယ့် စစ်ကော်မရှင်ဘက်ကတော့ သူတို့ရဲ့တပ်ဖွဲ့ဝင်ဟောင်းတွေနဲ့ မိသားစုဝင်တွေရှိတဲ့နေရာကို ရွယ်ရည်ချက်ရှိရှိ သတ်ဖြတ်ခဲ့တာဖြစ်ပါတယ်။














