Border News Agency
ကျောက်ဖြူ၊ ဇန်နဝါရီ ၂၄။
ကျောက်ဖြူမြို့နယ်မှာ တိုက်ပွဲတွေကြောင့် ထွက်ပြေးတိမ်းရှောင်နေရတဲ့ စစ်ဘေးရှောင်တွေ ကျန်းမာရေးစောင့်ရှောက်မှုအရေးပေါ်လိုအပ်နေကြတယ်လို့ စစ်ဘေးရှောင်တွေကဆိုကြပါတယ်။
အဲဒီ ကျောက်ဖြူမြို့နယ်မှာ အာရက္ခတပ်တော်နဲ့စစ်ကော်မရှင်တပ်တို့ တိုက်ပွဲတွေကြောင့် ပြည်သူသုံးသောင်းကျော်စစ်ဘေးရှောင်နေကြရပါတယ်။
အဲဒီစစ်ဘေးရှောင်တွေထဲမှာ လူကြီးနဲ့ကလေးငယ်ရာနဲ့ချီ အရေပြားရောဂါဖြစ်ပွားနေတာကြောင့်သူတို့အတွက် ကျန်းမာရေးစောင့်ရှောက်မှုတွေအရေးပေါ် လိုအပ်နေတာပါ။
အဲဒီစစ်ဘေးရှောင်တွေဟာ ဘုန်းကြီးကျောင်းတွေနဲ့စာသင်ကျောင်းတွေမှာစုပြုံပြီးနေထိုင်နေကြရပါတယ်။
အဲဒါကြောင့် လူစုလူဝေးဖြစ်တာတွေ၊ သောက်သုံးရေမသန့်ရှင်းတာတွေကြောင့် အရေပြားရောဂါဟာ တမိသားစုလုံးမှ တရွာလုံးအထိကူးစက်ပြန့်ပွားနေတယ်လို့ ဆိုကြပါတယ်။
အဲဒီစစ်ဘေးရှောင်တွေကို ဒေသခံလူမှုကူညီရေးအဖွဲ့တွေကအခြေခံသန့်ရှင်းရေးပစ္စည်းအချို့ကိုသာ ကူညီနိုင်ပြီးဆေးဝါးနဲ့ကျန်းမာရေးစောင့်ရှောက်တာလုံလောက်မှုမရှိဘူးလို့လည်းဆိုကြပါတယ်။
အဲဒါကြောင့် စစ်ဘေးရှောင်တွေအတွက် သန့်ရှင်းတဲ့ရေ၊အရေးပေါ်ဆေးဝါးနဲ့ နိုင်ငံတကာအကူအညီတွေလိုအပ်နေကြတယ်လို့ စစ်ဘေးရှောင်တွေကဆိုကြပါတယ်။














