Border News Agency
ကျောက်တော်၊ ဖေဖော်ဝါရီ ၂၀။
အာရက္ခတပ်တော်(AA)ထိန်းချုပ်ထားတဲ့ကျောက်တော်မြို့နယ်က မူဆလင်ကျေးရွာတွေမှာ အာရက္ခပြည်သူ့ကျန်းမာရေးဌာနက ကျန်းမာရေးစောင့်ရှောက်မှုပေးနေပါတယ်။
အဲဒီ မူဆလင်ကျေးရွာတချို့မှာ ၅ နှစ်အောက် ကလေးငယ်တွေအပါအဝင် ဒေသခံတွေဝမ်းပျက်ဝမ်းလျှောရောဂါ ခံစားနေရတာကြောင့် ဖေဖော်ဝါရီလ ၁၇ ရက်ကနေ ၁၈ ရက်အထိ ကွင်းဆင်းဆေးကုသပေးခဲတာပါ။
ရောဂါဖြစ်ပွားနေတဲ့ ဆင်အိုးချိုင်နဲ့ ပေါက်တောပလောင်ကျေးရွာတွေမှာ အခုလိုကွင်းဆင်းကုသပေးခဲ့တာဖြစ်ပြီး ပေါက်တောပလောင်ရွာက ၅ နှစ်အောက် ကလေးငယ်တဦးကတော့ ရောဂါကြောင့် ဆုံးပါးသွားခဲ့ရတယ်လို့ သိရပါတယ်။
ကျန်းမာရေးဌာနအနေနဲ့ လူနာတွေကိုဆေးကုသပေးတာအပြင် ရောဂါကာကွယ်ရေးအတွက် ကျန်းမာရေးအသိပညာပေးတာတွေကိုပါ တစ်ပါတည်းဆောင်ရွက်ခဲ့ပါတယ်။
ဝမ်းပျက်ဝမ်းလျှောရောဂါဟာ မသန့်ရှင်းတဲ့ရေနဲ့ အစားအစာတွေကြောင့်ဖြစ်ပွားတာမို့ ရေကြိုချက်သောက်ဖို့နဲ့ တစ်ကိုယ်ရေသန့်ရှင်းရေး ဂရုစိုက်ကြဖို့ကိုလည်း အထူးသတိပေးထားပါတယ်။













