အာရက္ခတပ်တော် (AA) သိမ်းပိုက်ထိန်းချုပ်ထားတဲ့ မောင်တောမြို့မှာ မြို့သိမ်းတိုက်ပွဲအပြီး နောက်ဆက်တွဲအဖြစ် အလုပ်အကိုင်နဲ့ ဝင်ငွေတွေလုံးဝပြတ်တောက်သွားတာကြောင့် အခြေခံလူတန်းစားတွေဟာ ငတ်မွတ်ခေါင်းပါးမှုဒဏ်ကို အပြင်းအထန် ရင်ဆိုင်နေကြရပါတယ်။
အဲဒီလို စားဝတ်နေရေး ကျပ်တည်းမှုတွေကြောင့် မြို့ပေါ်မှာရှိတဲ့ ရခိုင်၊ မွတ်ဆလင်နဲ့ ဟိန္ဒူ တချို့ဟာ တောင်းရမ်းစားသောက်ပြီးတော့ပဲ ခက်ခဲစွာ အသက်ဆက်နေကြရတာ ဖြစ်ပါတယ်။
မိသားစုထမင်းတနပ် အဆင်ပြေဖို့အတွက် ကိုယ့်ရဲ့ရင်သွေးငယ်တွေကိုပါ လမ်းဘေးခေါ်ထုတ်ပြီး တောင်းရမ်းခိုင်းနေရတဲ့ မြင်ကွင်းတွေဟာ မြို့ပေါ်မှာ နေ့စဉ်နဲ့အမျှ ပိုပြီးများပြားလာနေတာပါ။
မောင်တောဒေသဟာ စစ်ဘေးဒဏ်ကနေ ငတ်မွတ်မှုဒဏ်ဆီကို ကူးပြောင်းရောက်ရှိနေတာကြောင့် ဒီအခြေခံလူတန်းစားတွေအတွက် စားနပ်ရိက္ခာနဲ့အလုပ်အကိုင် အခွင့်အလမ်းတွေ အရေးပေါ် ဖော်ဆောင်ပေးဖို့ လိုအပ်နေပါတယ်။
















