ထိုင်းတရားရေးဝန်ကြီးဌာန၊ မူးယစ်ဆေးဝါးထိန်းချုပ်ရေးအဖွဲ့ (ONCB) ရဲ့ အတွင်းရေးမှူးချုပ် Pol.Maj. Suriya Singhakamol ရဲ့ ညွှန်ကြားချက်အရ မယ်ဆိုင်ဒေသအတွင်း မူးယစ်ဆေးဝါးကွန်ရက်တွေကို အရှိန်အဟုန်နဲ့ ဖြိုခွင်းနေတယ်လို့မူးယစ်ဆေးဝါးထိန်းချုပ်ရေးအဖွဲ့ ONCB ကထုတ်ပြန်ပါတယ်။
အဲဒီအဖွဲ့ကို ဖေဖော်ဝါရီလ၂၆ ရက်နေ့မှာပြည်သူတွေက ၁၃၈၆ Hotline ဖုန်းလိုင်းကနေတဆင့် သတင်းပေးတိုင်ကြားချက်တွေကို အခြေခံပြီး မယ်ဆိုင်နဲ့ မယ်ချန်မြို့နယ်တွေအတွင်းက တရားခံ ၂ ဦးကို ဖမ်းဆီးနိုင်ခဲ့တယ်လို့ဆိုပါတယ်။
အဲဒီဖမ်းဆီးမှုအတွင်း တရားခံတဦးဆီကနေ ဆိုင်ကယ်ထဲမှာ ဝှက်ထားတဲ့ စိတ်ကြွဆေးပြား ၄ ပြားကို အရင်တွေ့ရှိခဲ့ပြီး အဲဒီကနေတဆင့် နေအိမ်ကို ထပ်ပြီးဝင်ရောက်ရှာဖွေရာမှာ နောက်ထပ်ဆေးပြား ၁၆၄ ပြားကို ထပ်မံသိမ်းဆည်းရမိခဲ့ပါတယ်။
စုစုပေါင်း စိတ်ကြွဆေးပြား ၁၆၈ ပြား သိမ်းဆည်းရမိခဲ့သလို မူးယစ်ဆေးဝါး ရောင်းဝယ်မှုကနေ ရရှိတဲ့ ငွေကြေးစီးဆင်းမှုတွေကို စစ်ဆေးဖို့အတွက် ဘဏ်စာအုပ် ၆ အုပ်ကိုလည်း သက်သေခံအဖြစ် သိမ်းဆည်းခဲ့ပါတယ်။
အဲဒီ ဖမ်းမိတဲ့တရားခံကို ဆက်လက်စစ်ဆေးရာကနေ မူးယစ်ဆေးဝါး ဖြန့်ဖြူးပေးနေတဲ့ နောက်ထပ်ပါဝင်ပတ်သက်သူတဦးကိုလည်း ထပ်မံဖမ်းဆီးနိုင်ခဲ့ပြီး သူဟာ တခြားအမှုတွေနဲ့ ဝရမ်းထုတ်ခံထားရသူ ဖြစ်တယ်လို့ သိရပါတယ်။
ONCB အနေနဲ့ မူးယစ်ဆေးဝါးတိုက်ဖျက်ရေးမှာ ပြည်သူတွေရဲ့ ပူးပေါင်းဆောင်ရွက်မှုကို အလေးထားနေပြီး ဘယ်လို မူးယစ်ဆေးဝါးသတင်းမျိုးကိုမဆို ၁၃၈၆ ဖုန်းလိုင်းကနေ ၂၄ နာရီပတ်လုံး သတင်းပေးနိုင်တယ်လို့ တိုက်တွန်းထားပါတယ်။











