Border News Agency
အီရန်၊ မတ်၃။
မတ်လ ၂ ရက်၊ ၂၀၂၆ ခုနှစ် အီရန်နိုင်ငံတောင်ပိုင်း၊ဟော်မိုဇ်ဂန်ပြည်နယ်မှာရှိတဲ့ မိန်းကလေးမူလတန်းကျောင်းတကျောင်းကို အမေရိကန်နဲ့ အစ္စရေးတပ်ဖွဲ့တွေက လေကြောင်းတိုက်ခိုက်ခဲ့တာကြောင့် အပြစ်မဲ့ကျောင်းသူလေးတွေအပါအဝင် သေဆုံးသူအရေအတွက်ဟာ ၁၄၈ ဦးအထိ မြင့်တက်လာခဲ့တယ်လို့ အီရန်နိုင်ငံပိုင်တာ့စ်နင် (Tasnim) သတင်းဌာနမှာဖော်ပြလိုက်ပါတယ်။
အဲဒီတိုက်ခိုက်မှုဟာ ပြီးခဲ့တဲ့ မတ်လ ၁ ရက်နေ့က ဖြစ်ပွားခဲ့တာဖြစ်ပြီး လေကြောင်းကနေ ပစ်ခတ်လိုက်တဲ့ ဒုံးကျည်တွေဟာ စာသင်ကျောင်းဆောင်ပေါ်ကို တိုက်ရိုက်ကျရောက် ပေါက်ကွဲခဲ့တာကြောင့် ကျောင်းဆောင်တခုလုံး ပြာပုံအတိ ဖြစ်သွားခဲ့ရပါတယ်။
လက်ရှိအချိန်အထိ ရရှိထားတဲ့ အတည်ပြုချက်တွေအရ ကလေးငယ်အများစုအပါအဝင် လူပေါင်း ၁၄၈ ဦး သေဆုံးသွားခဲ့ပြီ ဖြစ်ပါတယ်။
ဒေသခံအစိုးရရှေ့နေ အီဗရာဟင် တာဟီရီ (Ibrahim Taheri) ရဲ့ ပြောကြားချက်အရ သေဆုံးသူတွေအပြင် တခြားဒဏ်ရာအပြင်းအထန်ရရှိသူ ၉၅ ဦးထက်မနည်း ရှိနေသေးတာကြောင့် သေဆုံးသူအရေအတွက်ဟာ ဒီထက်မက ထပ်မံတိုးလာနိုင်တယ်လို့ စိုးရိမ်နေကြပါတယ်။
ဒဏ်ရာရရှိသူ အများစုဟာလည်း အသက်အန္တရာယ် စိုးရိမ်ရတဲ့ အခြေအနေမှာ ရှိနေတယ်လို့ သိရပါတယ်။
အခင်းဖြစ်ပွားရာနေရာက ထွက်ပေါ်လာတဲ့ ဓာတ်ပုံတွေမှာတော့ ပျက်စီးသွားတဲ့ ကျောင်းဆောင်အပျက်အစီးတွေကြားမှာ မိသားစုဝင်တွေက သူတို့ရဲ့သားသမီးတွေကို ရှာဖွေရင်းငိုကြွေးပူဆွေးနေကြတာကို စိတ်မကောင်းဖွယ် တွေ့မြင်ရပါတယ်။
အခုလို အပြစ်မဲ့ အရပ်သားတွေနဲ့ ကလေးငယ်တွေ အစုလိုက်အပြုံလိုက် သေဆုံးခဲ့ရတဲ့အပေါ် ကမ္ဘာတစ်ဝှမ်းမှာ ဝေဖန်မှုတွေ မြင့်တက်နေပြီး အီရန်ဘက်ကလည်း ဒီလုပ်ရပ်အတွက် ပြင်းပြင်းထန်ထန် လက်တုံ့ပြန်သွားမယ်လို့ ကြေညာထားပါတယ်။

















