Border News Agency
အမေရိကန်၊မတ် ၃၀။
ဆော်ဒီအာရေးဗီးယားက အမေရိကန်လေတပ်စခန်းကို အီရန်က ဒုံးကျည်နဲ့ ဒရုန်းတွေသုံးပြီး မတ်လ ၂၈ ရက်နေ့က ဝင်ရောက်တိုက်ခိုက်ခဲ့ရာမှာ အမေရိကန်ရဲ့ နာမည်ကျော် E-3G “Sentry” ထောက်လှမ်းရေးလေယာဉ်တစီး အပြင်းအထန် ပျက်စီးသွားတယ်လို့ နိုင်ငံတကာသတင်းတွေမှာဖော်ပြပါတယ်။
အဲဒီလေယာဉ်ဟာ အဆင့်မြှင့်တင်ထားတဲ့ အမျိုးအစားဖြစ်လို့ တစီးကို အမေရိကန်ဒေါ်လာ ၈၇၀ သန်း (မြန်မာငွေ ဘီလီယံနဲ့ချီ) တန်ဖိုးရှိတာပါ။
အီရန်ရဲ့ တိုက်ခိုက်မှုဟာ လေယာဉ်ရဲ့ အရေးအကြီးဆုံးအပိုင်းဖြစ်တဲ့ ရေဒါစနစ်တွေတပ်ဆင်ထားရာ လေယာဉ်နောက်ပိုင်းကို တည့်တည့်မတ်မတ် ပစ်မှတ်ထားခဲ့တာ ဖြစ်ပါတယ်။
အဲဒီရေဒါစနစ်ဟာ ဝေဟင်စောင့်ကြည့်ရေးနဲ့ ထောက်လှမ်းရေးလုပ်ငန်းတွေအတွက် အဓိကကျတဲ့ အစိတ်အပိုင်းဖြစ်တာကြောင့် အခုလိုပျက်စီးသွားတာဟာ အမေရိကန်လေတပ်အတွက် ဆုံးရှုံးမှုကြီးမားလှပါတယ်။
အီရန်ရဲ့ အခုလို တိကျလွန်းတဲ့ တိုက်ခိုက်နိုင်စွမ်းဟာ ရုရှားနိုင်ငံဆီကနေ ဂြိုဟ်တုနည်းပညာနဲ့ ထောက်လှမ်းရေးအကူအညီတွေ ရရှိထားတာကြောင့် ဖြစ်နိုင်တယ်လို့ စစ်ရေးလေ့လာသူတွေက သုံးသပ်နေကြပါတယ်။






