Border News Agency
နေပြည်တော်၊ ဧပြီ ၂။
ဒေါ်အောင်ဆန်းစုကြည်အပါအဝင် ဖမ်းဆီးခံထားရတဲ့ နိုင်ငံရေးအကျဉ်းသားတွေ အသက်ရှင်နေသေးကြောင်း သက်သေပြပေးဖို့ သားဖြစ်သူ ကိုထိန်လင်းက ဧပြီလ ၁ ရက်နေ့မှာ တောင်းဆိုလိုက်ပါတယ်။
ဒေါ်အောင်ဆန်းစုကြည်ဟာ ၂၀၂၁ ခုနှစ် အာဏာသိမ်းချိန်ကစလို့ လက်ရှိအချိန်ထိ ၅ နှစ်ကျော်ကြာအောင် ကမ္ဘာကြီးနဲ့ အဆက်အသွယ်ဖြတ်ပြီး မတရားဖမ်းဆီးချုပ်နှောင်ခံထားရတာ ဖြစ်ပါတယ်။
“ကျွန်တော့်မေမေနဲ့ နိုင်ငံရေးအကျဉ်းသားတွေ အသက်ရှင်နေသေးကြောင်း သက်သေကို မင်းအောင်လှိုင်အနေနဲ့ ချက်ချင်းပြသပေးဖို့ တိုက်တွန်းပါတယ်။”လို့ ကိုထိန်လင်းသူ့ရဲ့ လူမှုကွန်ရက်စာမျက်နှာမှာ ရေးသားထားတာပါ။
ဒါ့အပြင် စစ်ကော်မရှင်တပ်က ကျင်းပခဲ့တဲ့ ရွေးကောက်ပွဲအပြီးမှာ အရပ်သားအစိုးရပုံစံ ပြောင်းလဲဖို့ ကြိုးပမ်းနေတာဟာ ဒီမိုကရေစီမဟုတ်ဘဲ လိမ်လည်မှုသက်သက်သာဖြစ်တယ်လို့လည်း သူက ဆိုပါတယ်။
ကမ္ဘာ့ခေါင်းဆောင်တွေအနေနဲ့ ပြည်သူတွေကို သတ်ဖြတ်နေတဲ့ စစ်အုပ်စုကို အသိအမှတ်မပြုဘဲ ကျူးလွန်ခဲ့တဲ့ ရာဇဝတ်မှုတွေအတွက် တာဝန်ခံခိုင်းဖို့နဲ့ ဒီကိစ္စတွေအပေါ် လျစ်လျူမရှုကြဖို့ကိုလည်း တိုက်တွန်းထားပါတယ်။






