Border News Agency
အမေရိကန်၊ ဧပြီ ၂။
အမေရိကန်သမ္မတ ဒေါ်နယ်ထရန့်က နေတိုး (NATO) အဖွဲ့ကနေအမေရိကန် နုတ်ထွက်ဖို့အထိ စဉ်းစားနေတယ်လို့ ဗြိတိန်အခြေစိုက် The Telegraph သတင်းစာနဲ့ အင်တာဗျူးမှာ ပြောကြားခဲ့ပါတယ်။
အီရန်နဲ့ ဖြစ်ပွားနေတဲ့ စစ်ပွဲမှာ နေတိုးမဟာမိတ်နိုင်ငံတွေက စစ်ကူမပို့ပေးတဲ့အပြင် အမေရိကန်စစ်လေယာဉ်တွေကို လေပိုင်နက်ဖြတ်သန်းခွင့် ပိတ်ပင်ခဲ့တဲ့အပေါ် ထရန့်က စိတ်ပျက်နေတာပါ။
နေတိုးအဖွဲ့ဟာ အလုပ်မဖြစ်တဲ့ အဖွဲ့အစည်းတခုဖြစ်နေပြီလို့ ထရန့်က ဝေဖန်ခဲ့ပြီး အမေရိကန်အနေနဲ့ ဥရောပကို ကာကွယ်ပေးဖို့ နှစ်ပေါင်းများစွာ အကုန်အကျခံခဲ့ပေမယ့် အပြန်အလှန် အကူအညီမရဘူးလို့ ဆိုပါတယ်။
အမေရိကန် နိုင်ငံခြားရေးဝန်ကြီးကလည်း အီရန်စစ်ပွဲအပြီးမှာ နေတိုးနဲ့ ဆက်ဆံရေးကို ပြန်လည်သုံးသပ်သွားမယ်လို့ ပြောထားသလို ပြင်သစ်နဲ့ ဂျာမနီခေါင်းဆောင်တွေကတော့ ဥရောပကိုယ်ပိုင်စစ်တပ် တည်ထောင်ဖို့ ဆွေးနွေးနေကြပါတယ်။
လက်ရှိမှာတော့ အမေရိကန်လွှတ်တော်အတွင်းမှာ သမ္မတက နေတိုးအဖွဲ့ကနေ နုတ်ထွက်ခွင့်မရအောင် ဥပဒေနဲ့ တားဆီးဖို့ ကြိုးစားနေကြပြီး ဒီအခြေအနေတွေကြောင့် ဥရောပအရှေ့ပိုင်းနိုင်ငံတွေမှာ စိုးရိမ်မှုတွေ ရှိနေပါတယ်။






