Border News Agency
အီရန်၊ ဧပြီ ၂။
အီရတ်နိုင်ငံ၊ ကာဒစ်စတန်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ အာဘေးလ်မြို့ထဲမှာရှိတဲ့ ဗြိတိန်စွမ်းအင်ကုမ္ပဏီကြီး BP ရဲ့ လက်အောက်ခံ Castrol ချောဆီဂိုဒေါင်ကို အီရန်လိုလားတဲ့ လက်နက်ကိုင်အဖွဲ့ (PMF) က ဧပြီလ ၁ ရက်၊မနေ့ကအသေခံဒရုန်းတွေနဲ့ တိုက်ခိုက်ခဲ့တယ်လို့ ဒေသတွင်းမီဒီယာတွေမှာဖော်ပြပါတယ်။
ဒီတိုက်ခိုက်မှုကို အီရန်ကျောထောက်နောက်ခံပြုထားတဲ့ Popular Mobilization Forces (PMF) အဖွဲ့ကလုပ်ဆောင်ခဲ့တာဖြစ်ပြီး ဗြိတိန်အခြေစိုက် နိုင်ငံစုံစွမ်းအင်ကုမ္ပဏီရဲ့ ပိုင်ဆိုင်မှုတွေကို ပစ်မှတ်ထားတိုက်ခိုက်ခဲ့တာလို့ဆိုပါတယ်။
အဲဒီတိုက်ခိုက်မှုကြောင့် Castrol ချောဆီဂိုဒေါင်အတွင်းမှာ ပေါက်ကွဲမှုတွေနဲ့ မီးလောင်မှုတွေ ဖြစ်ပွားခဲ့ပြီး အဆောက်အအုံ ပျက်စီးမှုအခြေအနေနဲ့ ပတ်သက်လို့တော့ အသေးစိတ် ထုတ်ပြန်တာမရှိသေးပါဘူး။
အရှေ့အလယ်ပိုင်းဒေသမှာ တင်းမာမှုတွေ မြင့်တက်နေချိန် အနောက်နိုင်ငံပိုင် စွမ်းအင်လုပ်ငန်းတွေကို ပစ်မှတ်ထားတဲ့ ဒီလိုတိုက်ခိုက်မှုတွေဟာ ဒေသတွင်း လုံခြုံရေးအတွက် ပိုမိုစိုးရိမ်စရာ ဖြစ်လာနေပါတယ်။











