Border News Agency
အဘူဒါဘီ၊ ဧပြီ ၉။
အမေရိကန်နဲ့ အီရန်တို့ကြား နှစ်ပတ်ကြာ အပစ်အခတ်ရပ်စဲဖို့ သဘောတူညီချက် ထွက်ပေါ်လာပြီး နာရီပိုင်းအကြာမှာပဲ ယူအေအီး (UAE)၊ ကူဝိတ်နဲ့ ဘာရိန်းနိုင်ငံတွေဆီကို ဒရုန်းနဲ့ ဒုံးကျည်တွေနဲ့ တိုက်ခိုက်မှုတွေ ရှိခဲ့တယ်လို့ နိုင်ငံတကာသတင်းတွေမှာ ဖော်ပြပါတယ်။
ယူအေအီး ကာကွယ်ရေးဝန်ကြီးဌာနကတော့ အီရန်ဘက်ကလာတဲ့ ဒုံးကျည်နဲ့ ဒရုန်းတွေကို ကြားဖြတ်ပစ်ချခဲ့ရပြီး အပျက်အစီးတွေကြောင့် အဘူဒါဘီရှိ ဂတ်စ်စက်ရုံတစ်ခုမှာ မီးလောင်မှုဖြစ်ပွားကာ လူ ၃ ဦး ဒဏ်ရာရရှိခဲ့တယ်လို့ ထုတ်ပြန်ထားပါတယ်။
ကူဝိတ်နိုင်ငံမှာလည်း အီရန်ဒရုန်း ၂၈ စီးကို ကြားဖြတ်ဟန့်တားခဲ့ရပြီး ရေနံစက်ရုံနဲ့ လျှပ်စစ်ဓာတ်အားပေးစက်ရုံတချို့ ထိခိုက်ပျက်စီးခဲ့သလို၊ဘာရိန်းနိုင်ငံ မြို့တော် မနားမားမှာလည်း ပေါက်ကွဲသံတွေ ကြားခဲ့ရပြီး စွမ်းအင်ကဏ္ဍဆိုင်ရာ အဆောက်အအုံတချို့ မီးလောင်ခဲ့တယ်လို့ဆိုပါတယ်။
ဒီတိုက်ခိုက်မှုတွေဟာ ဧပြီလ ၈ ရက်၊မနေ့ကအီရန်ရဲ့ ရေနံချက်စက်ရုံတွေ ဗုံးကြဲခံရမှုကို ပြန်လည်တုံ့ပြန်တာဖြစ်တယ်လို့ အီရန်နိုင်ငံပိုင် ရုပ်သံက အတည်ပြုပြောဆိုထားပါတယ်။
လက်ရှိမှာ အပစ်ရပ်သဘောတူညီချက်ကို ချိုးဖောက်မှုတွေ ရှိနေပေမဲ့ ဒေသတွင်း တင်းမာမှုတွေ လျော့ကျဖို့အတွက် သံတမန်နည်းလမ်းအရ ဆက်လက်ဆွေးနွေးသွားကြလိမ့်မယ်လို့ နိုင်ငံတကာက မျှော်လင့်နေကြပါတယ်။







