Border News Agency
အစ္စရေး၊ဧပြီ ၁၇။
အစ္စရေးနဲ့ လက်ဘနွန်နိုင်ငံကြား ၁၀ ရက်ကြာ အပစ်အခတ် ရပ်စဲဖို့ သဘောတူညီမှု ရရှိခဲ့တယ်လို့ အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့်က ဧပြီ ၁၆ ရက်နေ့မှာ ကြေညာလိုက်ပါတယ်။
ဒီအပစ်ရပ်စဲမှုဟာ အမေရိကန်စံတော်ချိန် ညနေ ၅ နာရီမှာ စတင်မှာ ဖြစ်ပါတယ်။
သမ္မတထရမ့်ဟာ အစ္စရေးဝန်ကြီးချုပ် နေတန်ညာဟု၊လက်ဘနွန်သမ္မတ ဂျိုးဆက်အွမ်းတို့နဲ့ ဆွေးနွေးခဲ့ပြီးနောက် အခုလို ငြိမ်းချမ်းရေးအတွက် သဘောတူညီမှု ရခဲ့တာပါ။
ထရမ့်က နှစ်နိုင်ငံခေါင်းဆောင်တွေကို အိမ်ဖြူတော်ဆီ ဖိတ်ကြားပြီး အဓိပ္ပာယ်ရှိတဲ့ ဆွေးနွေးမှုတွေ ဆက်လုပ်သွားဖို့လည်း ရှိနေပါတယ်။
ဒီသဘောတူညီချက်အရ အစ္စရေးဟာ လက်ဘနွန်တောင်ပိုင်းက ဟစ်ဇ်ဘိုလာ ပြောက်ကျားတပ်တွေအပေါ် တိုက်ခိုက်မှုတွေ ရပ်ဆိုင်းထားမှာဖြစ်ပြီး ဟစ်ဇ်ဘိုလာတွေအနေနဲ့လည်း ဒီကာလအတွင်း လိမ်လိမ်မာမာ နဲ့ ပါးပါးနပ်နပ် နေထိုင်ကြဖို့ ထရမ့်က သတိပေးထားပါတယ်။
အစ္စရေးဘက်ကတော့ ဟစ်ဇ်ဘိုလာတွေဆီက တိုက်ရိုက်ခြိမ်းခြောက်မှု ရှိမလာမချင်း အပစ်ရပ်ထားမှာဖြစ်ပေမဲ့ ဝန်ကြီးချုပ် နေတန်ညာဟုကတော့ ရေရှည်ငြိမ်းချမ်းရေးအတွက်ဆိုရင် ဟစ်ဇ်ဘိုလာတွေကို လက်နက်ဖြုတ်သိမ်းဖို့ လိုအပ်တယ်လို့ သတိပေးထားပါတယ်။
ခုအပစ်ရပ်စဲမှုဟာ နှစ်နိုင်ငံအစိုးရကြား ညှိနှိုင်းမှုဖြစ်ပြီး ဟစ်ဇ်ဘိုလာအဖွဲ့နဲ့ တိုက်ရိုက်အကျုံးမဝင်သေးပေမဲ့ ဒီခြေလှမ်းဟာ အရှေ့အလယ်ပိုင်းမှာ သတ်ဖြတ်မှုတွေ ရပ်တန့်ပြီး ငြိမ်းချမ်းရေးရရှိဖို့အတွက် မျှော်လင့်ချက်တခု ဖြစ်လာတယ်လို့ ထရမ့်က ဆိုပါတယ်။






