Border News Agency
အမေရိကန်၊ ဧပြီ ၂၁။
အမေရိကန်နဲ့ အီရန်ကြား ဧပြီလ ၂၂ ရက်၊မနက်ဖြန်မှာသက်တမ်းကုန်ဆုံးမယ့် အပစ်အခတ်ရပ်စဲရေး သဘောတူညီချက်ကို သမ္မတ ဒေါ်နယ်ထရန့်က ထပ်မတိုးဖို့များနေတယ်လို့ အိမ်ဖြူတော်တာဝန်ရှိသူတဦးက ဒီနေ့မှာ ပြောလိုက်ပါတယ်။
အဲဒါကြောင့် လတ်တလောခေတ္တရပ်နားထားတဲ့ အမေရိကန်-အီရန်စစ်ပွဲဟာ မနက်ဖြန်နောက်ပိုင်းမှာ ပြန်လည်ပြင်းထန်လာနိုင်တဲ့ အခြေအနေမှာရှိနေပါတယ်။
အမေရိကန် သမ္မတဒေါ်နယ်ထရန့်ကလည်း CNN အပါအဝင် သတင်းဌာနကြီးတွေဟာ ပြီးခဲ့တဲ့နှစ်က အမေရိကန်ရဲ့အီရန်နျူကလီးယားစခန်း ဗုံးကြဲမှုအပေါ် သတင်းအမှားတွေဖော်ပြနေတယ်လို့ သူ့ရဲ့ Truth Social ကနေ ဝေဖန်လိုက်ပါတယ်။
အဲဒီလို အပစ်ရပ်သက်တမ်းကုန်ခါနီးအချိန်မှာ မီဒီယာတွေကိုဝေဖန်တာနဲ့ အပစ်ရပ်ဖို့အခြေအနေမရှိတာတွေကြောင့် နှစ်နိုင်ငံကြား စစ်ရေးအရပြန်လည်ထိပ်တိုက်တွေ့ဖို့ အလားအလာပိုများလာနေတာပါ။
အီရန်ဘက်ကလည်း အမေရိကန်ရဲ့ နျူကလီးယားစခန်းတိုက်ခိုက်မှုတွေအပေါ် လက်တုံ့ပြန်ဖို့အမြဲပြင်ဆင်နေတာကြောင့် ဒေသတွင်းနိုင်ငံတွေကပါ စိုးရိမ်တကြီးစောင့်ကြည့်နေကြပါတယ်။
အပစ်အခတ်ရပ်စဲရေး သဘောတူညီချက်ဟာ မနက်ဖြန်မှာတရားဝင်သက်တမ်းကုန်ဆုံးမှာဖြစ်လို့ နှစ်ဖက်စစ်ရေးလှုပ်ရှားမှုတွေဟာ အခုကတည်းကစတင်တင်းမာနေပြီလို့ သိရပါတယ်။
ဒါ့အပြင် အမေရိကန်ပြည်တွင်းမှာလည်း သမ္မတထရန့်ရဲ့ အီရန်အပေါ်ထားတဲ့ တင်းမာတဲ့မူဝါဒတွေကြောင့် စစ်ပွဲအသစ်တစ်ကျော့ပြန်ဖြစ်လာမှာကို စိုးရိမ်တဲ့ အသံတွေထွက်ပေါ်နေပါတယ်။






