Border News Agency
လက်ဘနွန်၊ ဧပြီ ၂၄။
လက်ဘနွန်တောင်ပိုင်း၊ အယ်လ်တိုင်ရီကျေးရွာမှာ အစ္စရေးရဲ့လေကြောင်းတိုက်ခိုက်မှုကြောင့် Al Akhbar သတင်းစာက ဝါရင့်သတင်းထောက် Amal Khalil သေဆုံးသွားပြီး သူမရဲ့လုပ်ဖော်ကိုင်ဖက်တဦး ပြင်းထန်စွာ ဒဏ်ရာရရှိသွားပါတယ်။
အဲဒီတိုက်ခိုက်မှုဟာ အရင်ဖြစ်ပွားခဲ့တဲ့ တိုက်ခိုက်မှုတခုကို သတင်းသွားယူစဉ်မှာ ဒုတိယအကြိမ် ထပ်မံဗုံးကြဲတဲ့ “Double-tap” ပုံစံမျိုး ပစ်မှတ်ထားခံခဲ့ရတာဖြစ်တယ်လို့ လက်ဘနွန်အာဏာပိုင်တွေက စွပ်စွဲထားပါတယ်။
သတင်းထောက် Khalil ဟာ ပထမအကြိမ် တိုက်ခိုက်မှုအပြီး အနီးနားက အဆောက်အအုံတခုထဲမှာ ပုန်းအောင်းနေစဉ် အစ္စရေးက အဲဒီအဆောက်အအုံကို ဒုတိယအကြိမ် ထပ်မံတိုက်ခိုက်ခဲ့တာကြောင့် အပျက်အစီးတွေအောက်မှာ ၇ နာရီကျော်ကြာ ပိတ်မိနေခဲ့တာပါ။
ကယ်ဆယ်ရေးအဖွဲ့တွေက သူမကို သွားရောက်ကူညီဖို့ ကြိုးစားခဲ့ပေမယ့် အစ္စရေးတပ်တွေက ကယ်ဆယ်ရေးသမားတွေကိုပါ သေနတ်နဲ့ လှမ်းပစ်ခဲ့တာကြောင့် အချိန်မီ မကယ်နိုင်ဘဲ သေဆုံးသွားခဲ့ရတာဖြစ်တယ်လို့ သိရပါတယ်။
သေဆုံးသူ Khalil ဟာ ၂၀၀၆ ခုနှစ်ကတည်းက လက်ဘနွန်တောင်ပိုင်းမှာ သတင်းယူနေတဲ့ ဝါရင့်သတင်းထောက်ဖြစ်ပြီး အရင်ကလည်း အစ္စရေးဖုန်းနံပါတ်တွေကနေတဆင့် သတင်းမယူဖို့ ခြိမ်းခြောက်တာတွေကို ခံခဲ့ရဖူးသူပါ။
အစ္စရေးဘက်ကတော့ သတင်းထောက်တွေကို ပစ်မှတ်ထားတာမျိုး မရှိဘူးလို့ ငြင်းဆိုထားပေမယ့် အခုနှစ်အတွင်းမှာတင် လက်ဘနွန်မှာ အစ္စရေးတိုက်ခိုက်မှုကြောင့် သေဆုံးရတဲ့ သတင်းထောက် ၉ ဦးအထိ ရှိလာပြီဖြစ်ပါတယ်။






