Border News Agency
နေပြည်တော်၊ဧပြီ ၂၄။
စစ်အုပ်ချုပ်ရေးအာဏာကျင့်သုံးထားတဲ့မြို့နယ်တွေမှာ သတင်းမီဒီယာဥပဒေနဲ့ ပုံနှိပ်ထုတ်ဝေတာလုပ်ငန်းဥပဒေဖောက်ဖျက်သူတွေကို စစ်ခုံရုံးတင်အရေး ယူသွားမယ်လို့ ကာကွယ်ရေးဦးစီးချုပ်သစ်ရဲဝင်းဦးမှ ဧပြီလ ၂၃ ရက်၊မနေ့ကထုတ်ပြန်ပါတယ်။
အဲဒီစစ်အုပ်ချုပ်ရေးနယ်မြေတွေမှာ သတင်းမီဒီယာတွေအပြင် လူသတ်မှု၊ မုဒိမ်းမှု၊ အဂတိလိုက်စားမှု၊ မူးယစ်ဆေးဝါးနဲ့ အကြမ်းဖက်မှုဆိုင်ရာပြစ်မှုတွေအပါ အဝင် ၂၃ မျိုးကို စစ်ခုံရုံးနဲ့တိုက်ရိုက်စစ်ဆေးမယ်လို့ဆိုပါတယ်။
စစ်ခုံရုံးကချမှတ်တဲ့ပြစ်ဒဏ်တွေထဲမှာ သေဒဏ်၊အကန့်အသတ်မရှိအလုပ်နဲ့ ထောင်ဒဏ် ဒါမှမဟုတ် သက်ဆိုင်ရာ ပြစ်မှုအလိုက် အမြင့်ဆုံးပြစ်ဒဏ်တွေချမှတ်နိုင်ပြီး စစ်ခုံရုံးရဲ့ဆုံးဖြတ်ချက်အပေါ် အယူခံဝင်ခွင့်မရှိဘူးလို့ ဆိုပါတယ်။
ဒါပေမယ့် သေဒဏ်ချမှတ်ခံရသူတွေဟာ အမိန့်ချမှတ်ပြီး ၁၅ ရက်အတွင်း ပြစ်ဒဏ်လျှော့ပေါ့ပေးဖို့ ကာချုပ်ကိုအသနားခံစာတင်ပြနိုင်သလို တခြားပြစ်ဒဏ်တွေကိုလည်း သက်ဆိုင်ရာ တိုင်းမှူးတွေမှာ ပြန်ပြင်တင်ပြနိုင်တယ်လို့ ဆိုပါတယ်။
အဲဒီစစ်အုပ်ချုပ်ရေး ကြေညာထားတဲ့ မြို့နယ်ပေါင်းကိုးဆယ်ကျော်မှာ အမိန့်ချက်ချင်းအာဏာတည်ပြီး သတင်းမီဒီယာတွေနဲ့ပြည်သူတွေအပေါ် စစ်ဘက်ကပိုမိုတင်းကျပ်ထိန်းချုပ်လိုက်တာဖြစ်ပါတယ်။






