Border News Agency
ကရင်ပြည်၊ ဧပြီ ၂၄။
ကရင်ပြည်မှာ အခြေစိုက်ပြီးအွန်လိုင်းလိမ်လည်မှုတွေ လုပ်ဆောင်နေတဲ့ Tai Chang လုပ်ငန်းစုနဲ့ ပတ်သက်ပြီး ခိုင်လုံတဲ့ သတင်းပေးနိုင်သူကို အမေရိကန်ဒေါ်လာ ၁၀ သန်းဆုကြေးပေးမယ်လို့ အမေရိကန်အစိုးရက ဧပြီလ ၂၃ ရက်နေ့မှာ ထုတ်ပြန်ပါတယ်။
အဲဒီလုပ်ငန်းစုဟာ ခရစ်ပတိုငွေကြေး ရင်းနှီးမြှုပ်နှံမှု လိမ်လည်မှုတွေကတဆင့် ငွေကြေးခဝါချနေတာဖြစ်ပြီး အမေရိကန်နိုင်ငံသားတွေကို အဓိကပစ်မှတ်ထားနေတာကြောင့် အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာနက အခုလို ဆုကြေးထုတ်ပြန်လိုက်တာပါ။
Tai Chang လုပ်ငန်းစုဟာ ကရင်ပြည်အတွင်းက ကျောက်ခတ်ကာစီနို အပါအဝင် နေရာသုံးခုမှာ စခန်းတွေဖွင့်လှစ်ထားတာကို အမေရိကန်အစိုးရက GPS ကိုသြဒိနိတ် အညွှန်းကိန်းတွေနဲ့တကွ အသေးစိတ် ဖော်ပြထားပါတယ်။
အရှေ့တောင်အာရှအခြေစိုက် အွန်လိုင်းလိမ်လည်မှုတွေကြောင့် ၂၀၂၅ ခုနှစ်အတွင်း အမေရိကန်နိုင်ငံသားတွေဟာ ဒေါ်လာခုနှစ်ဘီလျံကျော် ဆုံးရှုံးခဲ့ရပြီး ဒါကို နှိမ်နင်းဖို့ FBI က စုံစမ်းစစ်ဆေးမှုတွေ ပြင်းပြင်းထန်ထန် လုပ်ဆောင်နေတာ ဖြစ်ပါတယ်။
သတင်းပေးလိုသူတွေအနေနဲ့ TaiChangTIPS@fbi.gov သို့ အီးမေးလ်ပို့နိုင်သလို အနီးဆုံး အမေရိကန်သံရုံးတွေမှာလည်း အချက်အလက်ပေးပို့နိုင်ပြီး သတင်းပေးသူရဲ့ လုံခြုံရေးကို အကာအကွယ်ပေးသွားမယ်လို့ သိရပါတယ်။






