Border News Agency
ရုရှား၊ ဧပြီ ၂၈။
အမေရိကန်နဲ့ အီရန်အကြား စစ်ပွဲကြောင့် တင်းမာနေပြီး ရေလမ်းကြောင်း ပိတ်ဆို့ထားတဲ့ ဟော်မုဇ်ရေလက်ကြားကို ရုရှားသူဌေးကြီးအလက်ဇီ မော်ဒါရှော့ဗ်နဲ့ ဆက်နွှယ်နေတဲ့ “Nord” အပျော်စီးသင်္ဘောက ဖြတ်သန်းသွားတယ်လို့ သင်္ဘောသွားလာမှု အချက်အလက်တွေအရ သိရပါတယ်။
အဲဒီရေလက်ကြားဟာ ကမ္ဘာ့ရေနံလိုအပ်ချက် ငါးပုံတပုံခန့် ဖြတ်သန်းရာ နေရာဖြစ်ပြီး လက်ရှိမှာ အီရန်ဘက်က သွားလာခွင့်တွေကို ပြင်းပြင်းထန်ထန် ကန့်သတ်ထားတာပါ။
ဒေါ်လာ သန်း ၅၀၀ ကျော် တန်ဖိုးရှိတဲ့ အဲဒီအပျော်စီးသင်္ဘောဟာ ပြီးခဲ့တဲ့ သောကြာနေ့က ဒူဘိုင်းကနေ ထွက်ခွာလာပြီး စနေနေ့ မနက်ပိုင်းမှာ ရေလက်ကြားကို ဖြတ်သန်းခဲ့ကာ တနင်္ဂနွေနေ့မှာတော့ အိုမန်နိုင်ငံ၊မတ်စကတ်မြို့ကို ဆိုက်ရောက်ခဲ့တာ ဖြစ်ပါတယ်။
စစ်ပွဲစတင်ကတည်းက ဒီရေလမ်းကြောင်းကို အသုံးပြုခွင့်ရတဲ့ သင်္ဘော အလွန်နည်းပါးတာကြောင့် အခုဖြစ်စဉ်က စိတ်ဝင်စားစရာ ဖြစ်နေပါတယ်။
စစ်ပွဲမတိုင်ခင်က တရက်ကို သင်္ဘောအစီးရေ ၁၄၀ ဝန်းကျင်အထိ ဖြတ်သန်းလေ့ရှိပေမယ့် လက်ရှိမှာတော့ ကုန်တင်သင်္ဘော အနည်းငယ်သာ သွားလာခွင့် ရနေတာပါ။
ဇိမ်ခံအပျော်စီးသင်္ဘောဖြစ်တဲ့ Nord က ဘယ်လိုနည်းနဲ့ ဖြတ်သန်းခွင့် ရခဲ့သလဲဆိုတာကိုတော့ တိတိကျကျ မသိရသေးဘဲ ပိုင်ရှင်ဖြစ်သူ သူဌေးကြီးရဲ့ ကိုယ်စားလှယ်ကလည်း တစုံတရာ မှတ်ချက်မပေးပါဘူး။
ရုရှားနဲ့ အီရန်ဟာ နှစ်ရှည်လများ မဟာမိတ်နိုင်ငံတွေဖြစ်ကြပြီး ၂၀၂၅ ခုနှစ်မှာ လုံခြုံရေးနဲ့ ထောက်လှမ်းရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုတွေကို ပိုမိုမြှင့်တင်ခဲ့ကြပါတယ်။
အီရန်နိုင်ငံခြားရေးဝန်ကြီးဟာ ဧပြီလ ၂၆ ရက်ကလည်းရုရှားသမ္မတ ပူတင်နဲ့ တွေ့ဆုံဖို့ မော်စကိုမြို့ကို ရောက်ရှိနေတာကြောင့် ဒီသင်္ဘောဖြတ်သန်းမှုဟာ နှစ်နိုင်ငံကြား နီးကပ်တဲ့ ဆက်ဆံရေးကြောင့် ဖြစ်နိုင်တယ်လို့ ယူဆနေကြပါတယ်။
သူဌေးကြီး မော်ဒါရှော့ဗ်ဟာ ရုရှားသမ္မတ ပူတင်နဲ့ နီးစပ်သူတဦးဖြစ်ပြီး ယူကရိန်းကို ကျူးကျော်မှုကြောင့် အမေရိကန်နဲ့ ဥရောပသမဂ္ဂရဲ့ ပိတ်ဆို့အရေးယူမှုကို ခံထားရသူပါ။
Nord သင်္ဘောဟာ ကမ္ဘာ့အကြီးဆုံး အပျော်စီးသင်္ဘောတွေထဲက တစီးဖြစ်ပြီး အတွင်းမှာ ရေကူးကန်၊ရဟတ်ယာဉ်ကွင်းနဲ့ ရေငုပ်သင်္ဘောငယ်တစ်စင်းတောင် ပါဝင်တယ်လို့ သတင်းရရှိပါတယ်။






