Border News Agency
နယူးယောက်၊ ဧပြီ ၂၈။
နျူကလီးယားလက်နက်တွေ မပြန့်ပွားအောင်နဲ့ ကမ္ဘာကြီးမှာ နျူကလီးယားစစ်ပွဲမဖြစ်အောင် တားဆီးဖို့ ရည်ရွယ်တဲ့ (NPT) ညီလာခံကို အမေရိကန်နိုင်ငံ၊ နယူးယောက်မြို့မှာရှိတဲ့ ကုလသမဂ္ဂရုံးချုပ်မှာဧပြီလ ၂၇ ရက်၊မနေ့ကစတင်ကျင်းပနေပါတယ်။
အဲဒီညီလာခံဟာ ၅ နှစ်မှာ တကြိမ်သာ ကျင်းပတာဖြစ်ပြီး အခုတခေါက်မှာတော့ အမေရိကန်နဲ့ အီရန်တို့ကြား စစ်ပွဲတွေဖြစ်နေတဲ့ အခြေအနေမှာ ကျင်းပနေရတာပါ။
အဲဒီဆွေးနွေးပွဲမှာ အဓိက အရေးကြီးဆုံးကတော့ အီရန်နိုင်ငံရဲ့ နျူကလီးယားအစီအစဉ်ပဲ ဖြစ်ပါတယ်။
အီရန်က သူတို့ရဲ့ နျူကလီးယားသိုလှောင်မှုတွေကို လျှော့ချဖို့ အရင်ကသဘောတူခဲ့ပေမယ့် အမေရိကန်နဲ့ အစ္စရေးတို့ရဲ့ တိုက်ခိုက်မှုတွေကြောင့် ဒီသဘောတူညီချက်တွေဟာ ပျက်ပြားမယ့်အခြေအနေနဲ့ ရင်ဆိုင်နေရပါတယ်။
နျူကလီးယားလက်နက် မပြန့်ပွားရေးစာချုပ်ရဲ့ ရည်ရွယ်ချက်က လက်နက်မရှိတဲ့နိုင်ငံတွေက လက်နက်မထုတ်ဖို့နဲ့ ရှိပြီးသားနိုင်ငံတွေကလည်း တဖြည်းဖြည်း လျှော့ချသွားဖို့ ဖြစ်ပါတယ်။
ဒါပေမယ့် လက်ရှိမှာ အင်အားကြီးနိုင်ငံတွေက နျူကလီးယားလက်နက်တွေကို ပိုတိုးမြှင့်ထုတ်လုပ်လာနေကြတာကြောင့် ဒီစာချုပ်ဟာ လက်တွေ့မှာ အလုပ်ဖြစ်ပါဦးမလားဆိုပြီး စိုးရိမ်မှုတွေ ရှိနေပါတယ်။
ဒါ့အပြင် အစ္စရေးနိုင်ငံဟာ နျူကလီးယားလက်နက်ရှိတယ်လို့ ယူဆရပေမယ့် ဒီစာချုပ်မှာ လက်မှတ်မထိုးထားတာက အီရန်နဲ့ ဖြစ်နေတဲ့ပဋိပက္ခမှာ တရားမျှတမှု မရှိဘူးလို့ ဝေဖန်သူတွေက ဆိုပါတယ်။
အမေရိကန်ကတော့ အီရန်ကို ယူရေနီယံသန့်စင်မှု လုံးဝမလုပ်ဖို့ တားမြစ်နေပြီး အီရန်ဘက်ကတော့ ဒါဟာ သူတို့ရဲ့ အခွင့်အရေးဖြစ်တယ်လို့ တုံ့ပြန်ထားပါတယ်။
ရုရှား-ယူကရိန်းစစ်ပွဲနဲ့ အမေရိကန်-အီရန်စစ်ပွဲတွေကြောင့် ကမ္ဘာ့လုံခြုံရေးက စိုးရိမ်စရာ ဖြစ်နေပါတယ်။
အခုညီလာခံကနေ ကမ္ဘာ့နျူကလီးယားအန္တရာယ်ကို လျှော့ချနိုင်မယ့် ခိုင်မာတဲ့ သဘောတူညီချက်တွေ ထွက်ပေါ်လာနိုင်မလားဆိုတာကို တကမ္ဘာလုံးက စိတ်ဝင်တစား စောင့်ကြည့်နေကြပါတယ်။






