Border News Agency
မောတောင်၊ ဧပြီ ၂၉။
တနင်္သာရီတိုင်း၊ မောတောင်မြို့ပေါ်ရှိ ရပ်ကွက်တွေကို စစ်ကော်မရှင်တပ် လေကြောင်းတိုက်ခိုက်ခဲ့တာကြောင့် အရပ်သား ၂ ဦး သေဆုံးသွားတယ်လို့ ကရင်အမျိုးသားအစည်းအရုံးက ဧပြီလ ၂၈ ရက်၊မနေ့ကထုတ်ပြန်ပါတယ်။
စစ်ကော်မရှင်တပ်ဟာ တရက်အတွင်း ဗုံး ၁၂ လုံးနဲ့တိုက်ခိုက်ခဲ့ပြီး အာဆီယံရဲ့ ဘုံသဘောတူညီချက်တွေကို လျစ်လျူရှုကာ စစ်ရာဇဝတ်မှုတွေ ကျူးလွန်နေတယ်လို့ ဆိုပါတယ်။
အဲဒီတနင်္သာရီမြို့နယ်၊ မယ်ဝါးကျေးရွာအုပ်စုကို ဧပြီလ ၂၇ ရက်နေ့ကလေကြောင်းတိုက်ခိုက်ခဲ့သလို မောတောင်မြို့ပေါ် ရပ်ကွက်တွေကိုလည်း လေကြောင်းမှ ပေါင် ၃၀၀ ဗုံး ၁၂ လုံးနဲ့တိုက်ခိုက်ခဲ့တယ်လို့ဆိုပါတယ်။
အဲဒီလိုတိုက်ခိုက်လို့ ပြည်ဖြိုးထွန်းကုမ္ပဏီ ဆီအုန်းစီမံကိန်း အလုပ်သမားတန်းလျားတွေ ပျက်စီးခဲ့ရသလို မြို့ခံတွေလည်း ဘေးလွတ်ရာကို ထွက်ပြေးတိမ်းရှောင်နေကြရတယ်လို့ ဆိုပါတယ်။
စစ်ကော်မရှင်တပ်ဟာ အတုအယောင် အစိုးရတရပ်ဖွဲ့စည်းနိုင်ဖို့ ကြိုးပမ်းနေပေမယ့် မြေပြင်မှာတော့အရပ်သားတွေကို ရည်ရွယ်ချက်ရှိရှိ ပစ်မှတ်ထားပြီး လေကြောင်းတိုက်ခိုက်တာ၊ လက်နက်ကြီးနဲ့ ပစ်ခတ်တာတွေကို လုပ်ဆောင်နေတယ်လို့ ဆိုပါတယ်။






