Border News Agency
ထိုင်း၊ ဧပြီ ၂၈။
ကရင်ပြည်၊မြဝတီခရိုင်အတွင်းက ဝေါလေမြိုင်မြို့သစ်အနီးရှိ သီတာအေးစခန်းမှာ စစ်ကော်မရှင်တပ်နဲ့ တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့တွေအကြား တိုက်ပွဲတွေ ပြင်းထန်နေတာကြောင့် ထိုင်းတော်ဝင်စစ်တပ်၊ နရဲစွမ်တပ်ဖွဲ့က နယ်စပ်လုံခြုံရေးကို အထူးတိုးမြှင့်ထားပါတယ်။
အဲဒီတိုက်ပွဲတွေဟာ ထိုင်းနိုင်ငံ၊ တာ့ခ်ခရိုင်၊ ဖုတ်ဖရမြို့နယ်၊ ဝေါလေမြောက်ပိုင်းကျေးရွာနဲ့ မျက်နှာချင်းဆိုင်မှာ ဖြစ်ပွားနေတာဖြစ်ပြီး ပြီးခဲ့တဲ့ရက်ပိုင်းအတွင်း လက်နက်ကြီးပစ်ခတ်သံတွေ အဆက်မပြတ် ကြားနေရတယ်လို့ နရဲစွမ်တပ်ဖွဲ့က ဧပြီလ ၂၇ ရက်၊မနေ့ကထုတ်ပြန်ပါတယ်။
အဲဒီနရဲစွမ်တပ်ဖွဲ့လက်အောက်ခံ ရာဇမနူးအထူးတပ်ဖွဲ့က တပ်ရင်းအမှတ် ၄၃၂ ဟာ နယ်စပ်တလျှောက်မှာ အင်အားဖြည့်တင်းထားပြီး အရေးပေါ်အခြေအနေအတွက် ပြင်ဆင်ထားပါတယ်။
ဒါဟာ နယ်စပ်အနီးက ထိုင်းပြည်သူတွေရဲ့ အသက်အိုးအိမ်စည်းစိမ်ကို အပြည့်အဝကာကွယ်နိုင်ဖို့အတွက် ဖြစ်တယ်လို့ ဆိုပါတယ်။
အခုအချိန်ထိတော့ မြန်မာဘက်က တိုက်ပွဲတွေဟာ ထိုင်းနိုင်ငံဘက်ခြမ်းကို တိုက်ရိုက်ထိခိုက်မှု မရှိသေးပေမယ့် ဒေသခံပြည်သူတွေအနေနဲ့ အထိတ်တလန့်မဖြစ်ဖို့နဲ့ လုံခြုံရေးတပ်ဖွဲ့ဝင်တွေရဲ့ သတင်းထုတ်ပြန်ချက်တွေကို အနီးကပ်စောင့်ကြည့်ကြဖို့ တိုက်တွန်းထားပါတယ်။



















