Border News Agency
ကွတ်ခိုင်၊ ဧပြီ ၂၉။
ရှမ်းပြည်မြောက်ပိုင်း၊ ကွတ်ခိုင်မြို့နယ်အတွင်း ကိုးကန့်တပ်ဖွဲ့ဝင်တွေရဲ့လုပ်ရပ်တွေဟာ လူ့အခွင့်အရေး ချိုးဖောက်ရာ ရောက်နေတယ်လို့ တအာင်းအရပ်ဘက်အဖွဲ့အစည်းများကွန်ရက်က အစီရင်ခံစာ ထုတ်ပြန်ပြီး ကန့်ကွက်ရှုတ်ချလိုက်ပါတယ်။
၂၀၂၆ ခုနှစ်၊မတ်လအတွင်း ဖြစ်ပွားခဲ့တဲ့ ဖြစ်စဉ်တွေကို အခြေခံပြီး ခုလို ထောက်ပြလိုက်တာပါ။
အဲဒီကိုးကန့် တပ်ဖွဲ့ဝင်တွေဟာ ဒေသခံတွေကို အကြောင်းမဲ့ဖမ်းဆီးတာ၊ဘာသာရေးအဆောက်အအုံနဲ့စာသင်ကျောင်းတွေကို တိုက်ခိုက်တာတွေ လုပ်ဆောင်ခဲ့တယ်လို့ ဆိုပါတယ်။
အဲဒီတိုက်ခိုက်မှုတွေကြောင့် ကလေးငယ်တွေအပါအဝင် ဒေသခံ ၇ ဦး သေဆုံးပြီး ၇ ဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့တယ်လို့ အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။
ဒါ့အပြင် တအာင်းကျေးရွာ ၁၅ ရွာခန့်မှာ စိုက်ထူထားတဲ့ တအာင်းအမျိုးသားအလံနဲ့ ကျေးရွာဆိုင်းဘုတ်တွေကို ကိုးကန့်တပ်က လိုက်လံဖျက်ဆီးခဲ့ပါတယ်။
အဲဒီဆိုင်းဘုတ်တွေကို တရုတ်စာနဲ့ မြန်မာစာတွေအဖြစ် အတင်းအဓမ္မ ပြောင်းလဲရေးသားခိုင်းတာတွေ ရှိနေတယ်လို့ ဒေသခံတွေက ပြောဆိုထားပါတယ်။
ဒေသခံတွေအနေနဲ့ ဒီလုပ်ရပ်တွေအပေါ် စိတ်မကောင်းဖြစ်ရသလို လူမျိုးရေးခွဲခြားမှုကို ပြင်းပြင်းထန်ထန် ခံစားနေရတယ်လို့ ဆိုပါတယ်။
တအာင်းတပ်ထိန်းချုပ်ချိန်က ခုလို ဖိနှိပ်မှုတွေ မရှိခဲ့ဘဲ အခု ကိုးကန့်တပ်လက်ထက်မှာမှ ရွာအမည်တွေကို တရုတ်ရွာအမည်တွေအဖြစ် ပြောင်းလဲခံနေရတာဟာ တအာင်းလူထုကို စော်ကားရာရောက်တယ်လို့ ထောက်ပြထားပါတယ်။
တအာင်းအရပ်ဘက်အဖွဲ့တွေကတော့ ပျက်စီးသွားတဲ့ အဆောက်အအုံတွေကို ပြန်လည်ပြင်ဆင်ပေးဖို့၊သေဆုံးထိခိုက်သူတွေအတွက် တရားမျှတမှုဖော်ဆောင်ပေးဖို့နဲ့ လူမျိုးရေးခွဲခြားတဲ့ လုပ်ရပ်တွေကို ချက်ချင်းရပ်တန့်ပေးဖို့လည်းတောင်းဆိုထားပါတယ်။






