Border News Agency
ထိုင်း၊ ဧပြီ ၂၉။
ထိုင်းနိုင်ငံ၊ ကန်ချနာဘူရီခရိုင်အတွင်းက တောတွင်းတနေရာမှာ အုပ်စုဖွဲ့ဝင်ရောက်လာတဲ့ အထောက်အထားမဲ့ မြန်မာနိုင်ငံသား ၁၉ ဦးကိုဧပြီလ ၂၇ ရက်၊ညနေပိုင်းမှာ ထိုင်းအာဏာပိုင်တွေက ဖမ်းဆီးထိန်းသိမ်းလိုက်ပါတယ်။
အဲဒီဆိုင်ယော့မြို့နယ်ရှိ သစ်တောဧရိယာအတွင်း ထိုင်းအာဏာပိုင်တွေကကင်းလှည့်စစ်ဆေးနေချိန်မှာ ခုလို တွေ့ရှိခဲ့တာ ဖြစ်ပါတယ်။
အဲဒီဖမ်းဆီးခံရသူတွေထဲမှာ မြန်မာအမျိုးသား ၁၅ ဦးနဲ့ အမျိုးသမီး ၄ ဦး ပါဝင်ပြီး သူတို့အားလုံးမှာ အထောက်အထား စာရွက်စာတမ်း တစုံတရာ မပါရှိဘူးလို့ ဆိုပါတယ်။
သူတို့ဟာ ရတ်ချာဘူရီခရိုင်မှာ အလုပ်သွားလုပ်ဖို့အတွက် တနင်္သာရီတိုင်း၊ ထားဝယ်မြို့ကနေ တရားမဝင် နယ်စပ်ဖြတ်ကျော် ဝင်ရောက်လာကြတာပါ။
အခုလို တရားမဝင် ဝင်ရောက်လာနိုင်ဖို့အတွက် ကြားခံပွဲစားတွေကို တဦးကို ထိုင်းဘတ်ငွေ ၂၀,၀၀၀ စီ ပေးချေဖို့ သဘောတူထားကြတယ်လို့ သိရပါတယ်။
ဒါပေမယ့် အလုပ်လုပ်မယ့်နေရာကို မရောက်ခင် လမ်းခရီးတဝက် တောထဲမှာတင် ထိုင်းအာဏာပိုင်တွေရဲ့ ဖမ်းဆီးတာကို ခံခဲ့ရတာ ဖြစ်ပါတယ်။
အဲဒီဖမ်းဆီးခံရသူအားလုံးကို ဆိုင်ယော့ရဲစခန်းကို လွှဲပြောင်းပေးထားပြီး ဥပဒေအရ ထိရောက်စွာ အရေးယူဖို့ လုပ်ဆောင်နေပါတယ်။












