Border News Agency
ကျောက်တော်၊ ဧပြီ ၂၉။
စစ်ကော်မရှင်တပ်ဟာ ရှမ်းမြောက်ဒေသမှာ ကျင့်သုံးခဲ့တဲ့ လေကြောင်းဗျူဟာအတိုင်း အာရက္ခဒေသက ပြည်သူတွေကို ရည်ရွယ်ချက်ရှိရှိ ပစ်ခတ်တိုက်ခိုက်နေတယ်လို့ လေကြောင်းစောင့်ကြည့်လေ့လာရေးအဖွဲ့ (EAR)က ဧပြီလ ၂၉ ရက်၊ဒီနေ့ထုတ်ပြန်ပါတယ်။
အာရက္ခတပ်တော်ထိန်းချုပ်နယ်မြေတွေကို ပြီးခဲ့တဲ မတ်လနဲ့ဧပြီလအတွင်း တိုက်လေယာဉ်တွေနဲ့ ပေါင် ၅၀၀ ဗုံးတွေ အပါအဝင် အင်အားပြင်းဗုံးများစွာကို အဆက်မပြတ်တိုက်ခိုက်ခဲ့တယ်လို့ဆိုပါတယ်။
စစ်ကော်မရှင်တပ်ဟာ နိုင်ငံတကာအသိအမှတ်ပြုမှုရဖို့ ဟန်ပြငြိမ်းချမ်းရေး ဆွေးနွေးပွဲတွေ လုပ်ဆောင်နေပေမယ့် မြေပြင်မှာတော့ လေကြောင်းအားကိုးနဲ့ မြို့သိမ်းစစ်ဆင်ရေးတွေကို ပြန်လည်ရယူဖို့ ကြိုးပမ်းနေတာလို့ဆိုပါတယ်။
လေကြောင်းစောင့်ကြည့်လေ့လာရေးအဖွဲ့ ကတော့ လေတပ်စခန်းတွေကနေ အာရက္ခဒေသကို လေယာဉ်တွေ ရောက်ရှိလာနိုင်မယ့် ခန့်မှန်းကြာချိန်မြေပုံတွေကိုပါ စုစည်းဖော်ပြပြီး ပြည်သူတွေကို သတိပေးထားပါတယ်။
ပြီးခဲ့တဲ့မတ်လအတွင်းက အမ်းမြို့နယ်ရှိ အာရက္ခတပ်တော်ရဲ့ အကျဉ်းစခန်းကို လေကြောင်းကနေ ၃ နာရီကျော်ကြာ ဗုံးကြဲခဲ့တာကြောင့် စစ်သုံ့ပန်း ၁၀၀ ကျော် သေဆုံးခဲ့ပါတယ်။
အဲဒီအပြင်ဧပြီလအတွင်းမှာလည်း သံတွဲနဲ့ မြောက်ဦးမြို့နယ်တွေကိုလေကြောင်းတိုက်ခိုက်ခဲ့တာကြောင့်သံဃာတော်တွေအပါအဝင် အရပ်သားအများအပြား သေဆုံးဒဏ်ရာရရှိခဲ့တာတွေရှိခဲ့ပါတယ်။
နောက်ပြီးငပလီမြို့ကိုလည်း ဧပြီလ၂၃ နဲ့ ၂၄ ရက်တွေမှာ တိုက်လေယာဥ်အများအပြားနဲ့ နှစ်ရက်ဆက်တိုက် တိုက်ခိုက်ခဲ့ပါသေးတယ်။
စစ်ကော်မရှင်တပ်ရဲ့ အခုလို လုပ်ရပ်တွေဟာ စစ်ရာဇဝတ်မှုမြောက်တဲ့ လုပ်ရပ်တွေဖြစ်ပြီး အပြစ်မဲ့ပြည်သူတွေ အစုလိုက်အပြုံလိုက် သေဆုံးခဲ့ရမှုတွေအတွက် စစ်အုပ်စုမှာ အဓိကတာဝန်ရှိတယ်လို့ EAR က ထောက်ပြထားပါတယ်။
လေကြောင်းစောင့်ကြည့်လေ့လာရေးအဖွဲ့ အနေနဲ့ တရားမျှတမှု ပြန်လည်ရရှိဖို့အတွက် တော်လှန်ရေးအင်အားစုတွေမှာ တာဝန်ရှိတယ်လို့ ခံယူထားပြီး လေကြောင်းရန်ကနေ ကြိုတင်ကာကွယ်နိုင်ဖို့ အချက်အလက်တွေကို စုစည်းတင်ပြနေတယ်လို့ဆိုပါတယ်။

















