Border News Agency
အမေရိကန်၊ ဧပြီ ၂၉။
အမေရိကန်နိုင်ငံအတွင်းအထောက်အထားမဲ့ ဝင်ရောက်လာသူတွေကို အာမခံပေးခွင့်မရှိဘဲမဖြစ်မနေဖမ်းဆီးထိန်းသိမ်းထားတဲ့ ထရမ့်အစိုးရရဲ့မူဝါဒကို ဖက်ဒရယ်အယူခံတရားရုံးကဧပြီဘ၂၈ ရက်နေ့မှာတညီတညွတ်တည်း ပယ်ချလိုက်ပါတယ်။
အစိုးရဟာ ဆယ်စုနှစ်ချီ သက်တမ်းရှိတဲ့ ဥပဒေကို အဓိပ္ပာယ်လွဲမှားစွာ ဖွင့်ဆိုပြီး အခုလို ဖမ်းဆီးမှုတွေ လုပ်ဆောင်နေတာလို့ တရားရုံးက ဆုံးဖြတ်ခဲ့တာပါ။
အယူခံတရားရုံး တရားသူကြီး ဂျိုးဇက်ဖ်ဘီယန်ကိုက အစိုးရရဲ့အခုလို လုပ်ရပ်ဟာ လူဝင်မှုကြီးကြပ်ရေး စနစ်တခုလုံးကို တုန်လှုပ်သွားစေနိုင်သလို မိသားစုတွေကို ကွဲကွာစေပြီး လူမှုအသိုင်းအဝိုင်းကို ပျက်စီးစေနိုင်တယ်လို့ သတိပေးခဲ့ပါတယ်။
အဲဒီလူဝင်မှုကြီးကြပ်ရေး အချုပ်ခန်းတွေဟာလည်း လူဦးရေလွန်ကဲနေပြီး အခက်အခဲတွေ ဖြစ်နေတယ်လို့ ဆိုပါတယ်။
ထရမ့်အစိုးရဟာ နယ်စပ်မှာဖမ်းမိသူတွေတင်မကဘဲ အမေရိကန်မှာ နှစ်ပေါင်းများစွာ အခြေချနေထိုင်နေတဲ့ အထောက်အထားမဲ့ နိုင်ငံခြားသားတွေကိုပါ အာမခံပေးခွင့်မရှိဘဲ ဖမ်းဆီးနိုင်ဖို့ ကြိုးပမ်းနေတာပါ။
အရင်အစိုးရတွေလက်ထက်ကတော့ ရာဇဝတ်မှုမှတ်တမ်းမရှိတဲ့ အထောက်အထားမဲ့တွေကို အာမခံပေးပြီး လွတ်လပ်စွာ နေထိုင်ခွင့်ပြုခဲ့ပါတယ်။
ဒီဆုံးဖြတ်ချက်ဟာ အမေရိကန်မှာ အနှစ် ၂၀ ကျော် နေထိုင်လာပြီးမှ ဖမ်းဆီးခံခဲ့ရတဲ့ ဘရာဇီးနိုင်ငံသား တဦးရဲ့ အမှုကို အခြေခံပြီး ထွက်ပေါ်လာတာလည်း ဖြစ်ပါတယ်။
အခုလို အယူခံတရားရုံးတွေကြားမှာ အငြင်းပွားဖွယ် ဆုံးဖြတ်ချက်တွေ ထွက်ပေါ်နေတာကြောင့် ဒီကိစ္စဟာ အမေရိကန် တရားလွှတ်တော်ချုပ်အထိ ရောက်ရှိသွားဖို့ ရှိနေပါတယ်။
လူ့အခွင့်အရေးအဖွဲ့တွေကတော့ တရားရုံးရဲ့ ဆုံးဖြတ်ချက်ကို ကြိုဆိုလိုက်ပြီး အစိုးရအနေနဲ့ ဥပဒေကို မိမိအလိုကျ အဓိပ္ပာယ်ဖွင့်ဆိုပြီး လူသန်းပေါင်းများစွာကို အကြောင်းမဲ့ ဖမ်းဆီးထားလို့မရဘူးလို့ ထောက်ပြနေကြပါတယ်။
အမေရိကန်ရဲ့ လူဝင်မှုကြီးကြပ်ရေးမူဝါဒဟာ လက်ရှိ ထရမ့်အစိုးရလက်ထက်မှာ အတော်လေး တင်းကျပ်နေတယ်လို့ သိရပါတယ်။







