Border News Agency
နေပြည်တော်၊ မေ ၃။
ဒေါ်အောင်ဆန်းစုကြည်ကို နေအိမ်အကျယ်ချုပ်ပြောင်းလိုက်တယ်ဆိုတဲ့ သတင်းတွေနဲ့ပတ်သက်ပြီး ဥရောပသမဂ္ဂ (EU)က အနီးကပ်စောင့်ကြည့်နေသလို သူမအပါအဝင် နိုင်ငံရေးအကျဉ်းသားအားလုံးကို အကြွင်းမဲ့လွတ်ပေးဖို့ ထပ်မံတောင်းဆိုလိုက်ပါတယ်။
ဒေါ်အောင်ဆန်းစုကြည်ရဲ့ ရုပ်ပိုင်းဆိုင်ရာနဲ့ စိတ်ပိုင်းဆိုင်ရာ ကျန်းမာရေးကို အပြည့်အဝအလေးထားဖို့လိုအပ်သလို မိသားစုဝင်တွေ၊ ရှေ့နေတွေနဲ့ ပုံမှန်တွေ့ဆုံခွင့်ပေးဖို့ကိုလည်း အီးယူက အလေးအနက်တောင်းဆိုထားတာပါ။
အီးယူနိုင်ငံခြားရေးနဲ့လုံခြုံရေးမူဝါဒဆိုင်ရာ ပြောရေးဆိုခွင့်ရှိသူ Anitta Hipper က ဒေါ်အောင်ဆန်းစုကြည်ကို နေအိမ်ပြောင်းလိုက်တဲ့အပေါ် မှတ်ချက်ပြုပြောတာ ဖြစ်ပါတယ်။
အာဏာသိမ်းစစ်တပ်ဟာ ဒေါ်အောင်ဆ န်းစုကြည်တင်မကဘဲ မတရားဖမ်းဆီးထားတဲ့ ကျန်ရှိနေသေးတဲ့ နိုင်ငံရေးအကျဉ်းသားအားလုံးကိုလည်း ချက်ချင်းလွတ်ပေးရမယ်လို့ အီးယူရပ်တည်ချက်ကို ထပ်လောင်းအတည်ပြုပါတယ်။
မြန်မာနိုင်ငံရဲ့နိုင်ငံရေးအကျပ်အတည်း တွေပြေလည်ဖို့အတွက် နိုင်ငံရေးအကျဉ်းသားတွေလွတ်မြောက်ရေးဟာ အဓိကကျတယ်လို့ နိုင်ငံတကာအသိုင်းအဝိုင်းကလည်း တစိုက်မတ်မတ် တောင်းဆိုနေပါတယ်။






