Border News Agency
နယ်သာလန်၊ မေ ၃။
မြန်မာနိုင်ငံအပါအဝင် ကမ္ဘာတဝှမ်းမှာ သတင်းမီဒီယာလွတ်လပ်ခွင့်အတွက် ဆက်ပံ့ပိုးသွားမယ်လို့ ဒီနေ့မှာကျရောက်တဲ့ ကမ္ဘာ့စာနယ်ဇင်းလွတ်လပ်ခွင့်နေ့ အထိမ်းအမှတ်အနေနဲ့ နယ်သာလန်နိုင်ငံက ထုတ်ဖော်ပြောကြားလိုက်ပါတယ်။
ဒီမိုကရေစီလူ့အဖွဲ့အစည်းဖြစ်ထွန်းဖို့ လွတ်လပ်တဲ့မီဒီယာတွေရှိဖို့ဟာ အခြေခံကျပေမယ့် မြန်မာနိုင်ငံမှာတော့ ၂၀၂၁ ခုနှစ်နောက်ပိုင်း သတင်းလွတ်လပ်ခွင့်ဟာ ပြင်းထန်တဲ့ဖိအားတွေနဲ့ ရင်ဆိုင်နေရတယ်လို့ ဆိုပါတယ်။
အမှီအခိုကင်းတဲ့မီဒီယာတွေ ပိတ်သိမ်းခံရတာ ဒါမှမဟုတ် ပြည်ပကို ထွက်ခွာသွားရတာတွေအပြင် သတင်းထောက်တွေဟာ သူတို့အလုပ်ကို လုပ်ရုံနဲ့တင် ဖမ်းဆီးခြိမ်းခြောက်ခံနေရတာကိုလည်း နယ်သာလန်သံရုံးက ထောက်ပြထားပါတယ်။
အဲဒီထဲမှာ ဆိုင်ကလုန်းမုန်တိုင်းသတင်း သွားယူရင်း နှစ်ရှည်ထောင်ဒဏ်ချခံထားရတဲ့ သတင်းဓာတ်ပုံဆရာ စိုင်းဇော်သိုက်ရဲ့ ဖြစ်စဉ်နဲ့ ချင်းပြည်က တိုင်းရင်းသားမီဒီယာတွေရဲ့ လိုင်စင်ရုပ်သိမ်းခံရတဲ့အပေါ် စိုးရိမ်ကြောင်း ပြောဆိုထားတာပါ။
ဒါကြောင့် အကျဉ်းထောင်တွေထဲမှာ ဆက်ထိန်းသိမ်းခံထားရဆဲဖြစ်တဲ့ သတင်းသမားတွေနဲ့ မီဒီယာလုပ်သားအားလုံးကို အမြန်ဆုံးပြန်လွှတ်ပေးဖို့ နယ်သာလန်နိုင်ငံက အာဏာသိမ်းစစ်တပ်ကို တိုက်တွန်းထားပါတယ်။






