Border News Agency
အမေရိကန်၊ မေ ၃။
အီရန်နိုင်ငံအနေနဲ့မကောင်းတဲ့ အပြုအမူတွေလုပ်ဆောင်လာမယ်ဆိုရင် ရပ်ဆိုင်းထားတဲ့ ဗုံးကြဲတိုက်ခိုက်မှုတွေကို ပြန်လည်စတင်သွားမယ်လို့ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က သတိပေးလိုက်ပါတယ်။
အမေရိကန်နဲ့အစ္စရေးတို့ဟာ အီရန်အပေါ် တိုက်ခိုက်မှုတွေကို လေးပတ်ကြာရပ်နားထားတာဖြစ်ပေမယ့် အီရန်ဘက်က သဘောတူညီချက်တွေကို ချိုးဖောက်လာရင်တော့ ပြန်တုံ့ပြန်ဖို့ ဝန်မလေးဘူးလို့ ဆိုတာပါ။
သမ္မတထရမ့်က အီရန်ရဲ့ အခြေအနေကို စောင့်ကြည့်နေပြီး အပြုအမူမကောင်းရင် တိုက်ခိုက်မှုတွေ ပြန်စဖို့ အခြေအနေ ရှိနေသေးကြောင်းနဲ့ အီရန်ဘက်ကထွက်လာမယ့် တိကျတဲ့ စကားလုံးတွေကို စောင့်နေတယ်လို့ ပြောပါတယ်။
ဟော်မုဇ်ရေလက်ကြားမှာ သင်္ဘောတွေ သွားလာခွင့်ပေးမယ် နျူကလီးယားကိစ္စတွေ ဆွေးနွေးမယ်ဆိုတဲ့ အီရန်ရဲ့ ကမ်းလှမ်းချက်ကိုလည်း သမ္မတထရမ့်က လက်မခံဘဲ ပယ်ချထားတယ်လို့ အီရန်အရာရှိတဦးက ဆိုပါတယ်။
အမေရိကန်ရေတပ်က အီရန်ဆိပ်ကမ်းတွေကို ပိတ်ဆို့ထားဆဲဖြစ်ပြီး အီရန်ရဲ့ ကမ်းလှမ်းချက်တွေကို အမေရိကန်ဘက်က အယုံအကြည်မရှိတာကြောင့် စစ်ရေးတင်းမာမှုတွေ ပိုမိုမြင့်တက်လာနိုင်တယ်လို့ သိရပါတယ်။






