Border News Agency
နေပြည်တော်၊ မေ ၃။
ဒေါ်အောင်ဆန်းစုကြည်ကို နေအိမ်အကျယ်ချုပ် ပြောင်းရွှေ့လိုက်တယ်ဆိုတဲ့ အာဏာသိမ်းစစ်တပ်ရဲ့ ထုတ်ပြန်ချက်ဟာ နိုင်ငံရေးအရ အပြုသဘောဆောင်တဲ့ လမ်းစမဟုတ်ဘဲ လှည့်စားချက်သာဖြစ်တယ်လို့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) က မေလ ၃ ရက်၊ ဒီနေ့ ထုတ်ပြန်ပါတယ်။
သမ္မတကြီး ဦးဝင်းမြင့်ကိုမိသားစုနဲ့ တွေ့ခွင့်ပေးတာနဲ့ ဒေါ်အောင်ဆန်းစုကြည်ကို နေရာရွှေ့တာတွေဟာ အတုအယောင်ရွေးကောက်ပွဲကနေ နိုင်ငံရေးတရားဝင်မှုရဖို့ ကြိုးစားတဲ့ ဟန်ပြလုပ်ရပ်တွေသာ ဖြစ်တယ်လို့ ဆိုပါတယ်။
အဲဒါကြောင့် အာဆီယံနဲ့ နိုင်ငံတကာအနေနဲ့ အာဏာသိမ်းစစ်တပ်နဲ့ ဆောလျင်စွာ ထိတွေ့ဆက်ဆံတာမျိုးတွေ မလုပ်ဖို့နဲ့ အဲဒီလိုလုပ်တာဟာ မြန်မာနိုင်ငံကို ပဋိပက္ခနွံထဲ ပိုတွန်းပို့ရာ ရောက်လိမ့်မယ်လို့ NLD က သတိပေးထားပါတယ်။
မြန်မာနိုင်ငံမှာ နိုင်ငံရေးယုံကြည်ချက်ကြောင့် အကျဉ်းကျနေသူ ထောင်ပေါင်းများစွာ ရှိနေဆဲဖြစ်လို့ ဒီမိုကရေစီအသွင်ကူးပြောင်းရေးဆီ ဦးတည်နေတယ်လို့ ယူဆဖို့ ဝေးကွာလွန်းနေသေးတယ်လို့လည်း ထောက်ပြထားပါတယ်။
NLD အနေနဲ့ ဒေါ်အောင်ဆန်းစုကြည်အပါအဝင် နိုင်ငံရေးအကျဉ်းသားတွေ လွတ်မြောက်ဖို့ တောင်းဆိုပေးနေတဲ့ ကုလသမဂ္ဂ၊ ကမ္ဘာ့နိုင်ငံတွေနဲ့ ပြည်သူတွေကို ကျေးဇူးတင်ရှိပြီး အားလုံးလွတ်မြောက်တဲ့အထိ ဆက်လက်တောင်းဆိုပေးကြဖို့ တိုက်တွန်းထားပါတယ်။






